Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Friday 13 January 2012

ပြည်တွင်းငြိမ်းချမ်းရေးကို အဓိကထား လုပ်ဆောင်မယ့်သူ

အောင်လံမြို့သို့ရောက်စဉ် ဘုရားဖူးများကို နှုတ်ဆက်နေသော ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် (ဓာတ်ပုံ - Ye Htut Win / Facebook)
မေး။     ။ ကိုမင်းကိုနိုင် ထောင်က လွတ်လာတဲ့ အချိန်မှာ အရင်ဆုံး ဘာပြောချင်ပါ သလဲ။
ဖြေ။     ။ မြင်ရတာတော့ ပြည်သူလူထုက တော်တော်ကြီး နိုးကြားလာတဲ့ ခေတ်ကိုတော့ ရောက်လာပါပြီ။ အဲဒီလို နိုးကြားလာအောင်လည်း ကျနော်တို့ တော်တော်လေး ပေးဆပ်ခဲ့ရတယ်ပေါ့ဗျာ။ ထိုက်တန်တဲ့ ရလဒ်တခု ရလာတာလို့ ပြောလို့ရတယ်။ လမ်းလုံးကျွတ်အောင်ကြိုတာလည်း တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြည်သူ လူထုက ဒီထက်မက အများကြီး ထောက်ခံမှုပေးတာကို မြင်ရတယ်။ ပြောချင်တာကတော့ နိုင်ငံတကာ စံချိန်မီမှ ကျနော်တို့တိုင်းပြည် ဒီထက်မက ရှေ့ဆက်နိုင်မယ်လို့ ယုံတယ်။ နိုင်ငံတကာ စံချိန်မီဖို့ နိုင်ငံရေးအကျဉ်းသား မရှိတဲ့အထိ လွှတ်ပေးဖို့ လိုတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး အတွက်ကိုတော့ ကျနော် တော်တော်လေး ရင်လေးတယ်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ကချင်ဒေသတွေမှာ ကြားရတဲ့ သတင်းတွေနဲ့တင် ကျနော်တို့ တော်တော်လေး နေမထိ ထိုင်မသာဖြစ်ရတဲ့အထိ ခံစားရတယ်ဗျာ။ ပြည်တွင်း ငြိမ်းချမ်းရေး တကယ်လိုတယ်၊ ပြည်တွင်းငြိမ်းချမ်းရေး ရမှ အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းကြောင်းပေါ် ရောက်မယ်လို့ ကျနော်မြင်တယ်။ ကျနော်တို့ လုပ်ရမှာတွေကတော့ အများကြီးပေါ့။
မေး။     ။ လွတ်လာပြီးတဲ့ နောက်မှာ ဘာတွေ ဆက်လုပ်မယ်ဆိုတာ ကြိုတင် စဉ်းစားထားတာ ရှိလား။
ဖြေ။     ။ ကျနော်တို့ ၈၈ မျိုးဆက်တွေ အကုန်စုပြီးတော့ မနက်ဖြန်၊ သဘက်ခါ ဆိုသလို ဝိုင်းပြီး တိုင်ပင်ကြမှာပါ။ တိုင်ပင်လိုက်ရင်တော့ အဖြေတခု ထွက်လာမှာပါ။ သေချာတာကတော့ အရင်လိုပဲ ပြည်သူလူထုနဲ့ ထပ်တူ နေပြီးတော့ ပြည်သူ့အသံ၊ ပြည်သူ့ ဆန္ဒကို ဖော်ထုတ်ဦးမှာပါ။ ပြည်သူတွေသွားချင်တဲ့ လမ်းကို ရောက်အောင် ကျနော်တို့ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ချီတက်ဦးမှာပါ၊ ဒါတော့ သေချာပါတယ်။
မေး။      ။ ဒေါ်အောင်ဆန်းစုကြည်လည်း အခု ရွေးကောက်ပွဲ ဝင်တော့မှာဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ကော ဘာတွေ တွဲပြီး လုပ်ဆောင်ဖို့ ရှိလဲ။
ဖြေ။     ။ အရင်ကတည်းက ကျနော်တို့ မူရှိပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ဝိုင်းရံပေးရေးဆိုတဲ့ မူပါ။ ဒါကတော့ အခုထိ မပြောင်းသေးပါဘူး။ ဒီထက်ပိုပြီးတော့ အားကောင်းစေမယ့် နည်းလမ်းမျိုးရှိရင်လည်း သုံးမှာပါ။ ဒါလည်း မကြာခင် သိရမှာပါ။ သေချာတာကတော့ ကျနော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ NLD နဲ့ တွဲပြီး တူတာမှန်သမျှ ဝိုင်းလုပ်ကြမှာပါ။
မေး။     ။ လက်ရှိ နိုင်ငံရေးအခြေအနေကိုကော ဘယ်လို မြင်လဲ။ သမ္မတ ဦးသိန်းစိန်ကလည်း ကိုမင်းကိုနိုင်တို့ကို လွှတ်ပေးလိုက်ပြီ ဆိုတော့ သူနဲ့ ပတ်သက်လို့ကော ဘာပြောချင်လဲ။
ဖြေ။     ။ လူပုဂ္ဂိုလ်တဦးတည်းကို မူတည်ပြီး ဝေဖန်သုံးသပ်တာမျိုး၊ ဆုံးဖြတ်တာမျိုးတော့ ကျနော် တယ်ပြီး မလုပ်ချင် လှပါဘူး။ သူတို့မှာလည်း အထိုက်အလျှောက်တော့ စုပေါင်းဆောင်ရွက်မှု ရှိမယ်လို့ ကျနော်တော့ ယုံကြည်ပါတယ်။ တခုပဲ ရှိပါတယ်။ တကယ့်တကယ် နိုင်ငံတော် သမ္မတ အနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေ အာဏာတည်ရဲ့လား ဆိုတာတော့ ကျနော် စောင့်ကြည့်ဦးမယ်။ အခု တွေ့နေရတာက သမ္မတက ညွှန်ကြားထားတာတောင်မှ တပ်တွေက တကယ်တန်း မလိုက်နာတာ တွေ့နေရတယ်၊ ဒါပေမယ့် ဒီဟာ တခုတည်းကို ကွက်ကြည့်ပြီးတော့ ဆိုးလှပြီလို့တော့ ကျနော် မပြောနိုင်သေးဘူးပေါ့။ သို့သော်လည်းပဲ တကယ် သူဆုံးဖြတ်တဲ့အတိုင်း သက်ဆိုင်ရာ အစိုးရ အဖွဲ့ဝင်တွေကကော တကယ်လိုက်နာရဲ့လား၊ ကျန်တဲ့ အာဏာသုံးရပ်ကို ဆွဲကိုင်ထားတဲ့ သူတွေကကော တကယ်လိုက်နိုင်ရဲ့လား ဆိုတာတော့ စောင့်ကြည့်ရပါဦးမယ်။ ဝေဖန်ချက်ကိုတော့ အများကြီး စောစောစီးစီး ကျနော် မပေးချင်သေးဘူးဗျာ။
မေး။     ။ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံး လွှတ်ပေးဖို့ လိုတယ်ဆိုတော့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ဆက်ရှိနေသေးတယ် ဆိုတဲ့ သဘောလား။
ဖြေ။     ။ ကျနော်တို့ သရက်ထောင်မှာပဲ ကြည့်လေ။ နိုင်ငံရေးအကျဉ်းသားတွေ ကျန်သေးတယ်ဗျာ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ တချို့ အမှုမှားပြီး အဆွဲခံထားရတဲ့ သန်လျင်မြို့နယ် NLD က ကိုသန်းဇော်လို လူမျိုးတွေ ကျန်သေးတယ်ဗျာ။ အများကြီးပါပဲ။ ဒါ ကျနော်သိတဲ့ သရက်မှာတင် ကျန်သေးတာ။ တခြားနေရာတွေမှာ ဘယ်လောက် ကျန်သေးလဲ ကျနော်မသိဘူး။ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ အသုံးအနှုန်းကတော့ အငြင်းပွားစရာ ရှိချင်ရှိမယ်၊ ဒါပေမယ့် နိုင်ငံရေးအရ ဖြစ်တဲ့ အကျဉ်းသားတွေပါပဲ။
မေး။     ။ ကိုမင်းကိုနိုင် အနေနဲ့ တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို အဓိက လုပ်ဖြစ်လာနိုင်မလား။
ဖြေ။     ။ တိုင်းရင်းသားအရေးဟာ အမျိုးသားရင်ကြားစေ့ရေးကို လုပ်မယ်ဆိုရင် ဒါ မပါဘဲနဲ့၊ ဒီအဆင့်ကို ကျော်ပြီးတော့၊ ရှောင်ပြီးတော့ ဘယ်လိုမှ လုပ်လို့မရဘူး။ ဒါကြောင့် ပြည်တွင်းငြိမ်းချမ်းရေးဟာ ကျနော်တို့အတွက် အရေးကြီးတဲ့ အဓိက လုပ်ငန်းစဉ်အဖြစ် ကျနော်ကတော့ ခံယူထားလိုက်ပါပြီ။ ကျန်တဲ့ လုပ်ငန်းစဉ်တွေကတော့ ကျနော်တို့ ၈၈ ခေါင်းဆောင်တွေ စုပေါင်းပြီး တိုင်ပင်ကြရပါမယ်။ ပြီးတော့ အားလုံး ဆုံးဖြတ်တဲ့အပေါ်မှာ ဝိုင်းပြီး လုပ်ကြရမှာပါ။
မေး။     ။ ကိုမင်းကိုနိုင် အနေနဲ့ ခြွင်းချက်မရှိ လွတ်မြောက်လာတာလား။
ဖြေ။     ။ ကျနော့်အနေနဲ့ အာမခံသဘောမျိုး၊ ခံဝန်ချက်သဘောမျိုး ဘာမှတော့ မထိုးခဲ့ရပါဘူး။

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်