Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Saturday 28 January 2012

မင်းကိုနိုင်များစွာအတွက် သမ္မတကြီးရဲ့ ၀ိမုတ္တိခြင်တစ်ကောင်(၃)



(၅)

ပရိယတ္တိစာသင်ခန်းများတွင်သာ ငုတ်လျှိုးပျော်ဝင်နေခဲ့သည့် စာသင်သားငယ်မျှသာဖြစ်သော သူ့လိုရဟန်းအတွက် အာဏာပိုင်အဖွဲ့အစည်းများနှင့်ဖြစ်စေ၊စစ်တပ်အသိုင်းအ၀ိုင်းနှင့်ဖြစ်စေ ပတ်သက်ဆက်နွှယ်ခဲ့ခြင်းမရှိပေ။ သို့သော် သာသနပြုရဟန်းတစ်ပါးအတွက်တော့ နယ်ပယ်က ကျယ်ပြောရပါလိမ့်မည်။ ယခုဆုံမိဆုံတော့ နိုင်ငံတော်ကောင်စီဝင်၊ စစ်တိုင်းဒေသမှူး၊ ပြည်နယ်တစ်ခု၏ အကြီးအကဲတစ်ဦးနှင့် ကြုံရခြင်းဖြစ်လေသည်။

အမှန်စင်စစ် သူ့အမြင်တွင်လည်း အများသူငါလိုပင် စစ်တပ်၏ ပုံရိပ်(Image)က မကြည်လင်လှပါ။ သူတို့ငယ်စဉ်ကလေးဘ၀နေ့ရက်များတွင် တောင်ပြာတန်းပေါ်က ကျောပိုးအိပ်လွယ်ထားသော စစ်သားကြီး၏ အသွင်အပြင်ကို အားကျခဲ့ဖူးသလို ရုပ်ရှင်ပိတ်ကားပေါ်တွင် အာားမန်အပြည့်ချီတက်လာသည့် တပ်မတော်သားကြီးများကိုလည်း လက်ခုပ်လက်ဝါးတီးကာ ကြိုဆိုခဲ့ဖူးလေသည်။
ရန်သူကို ချေမှုန်းမည့်၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မည့် ရဲတင်းအလင်္ကာနှင့် သစ္စာသီချင်းပိုင်ရှင်များဟု အားကျဂုဏ်ယူခဲ့ရလေသည်မဟုတ်လား။

ပျဉ်းမငုတ်တို၊အမိမြေမှ သားကောင်းများ၊အသီးတစ်ရာအညှာတစ်ခု၊ ''စစ်သားကြီးကို ကျနော်မျှော်မှန်းသည်''အစ။ ဂီတစာပေနှင့် ရုပ်ရှင်ပြကွက်တို့၏ လွှမ်းမိုးမှုက သူတို့ကိုရင်လေးများ၏ ကျောင်းပရိဝုဏ်ထဲအထိ ပျံ့နှံ့စိမ့်ဝင်ကာ သင်္ကန်းကို ဘောင်းဘီနှင့်တူအောင် ခါးတောင်မြှောင်အောင် ကျိုက်၊ ခေါင်းအုံးကို ခါးပန်းကြိုးနှင့် ချီနှောင်ကာ ကျောပိုးအိပ်အဖြစ်လွယ်၊ ဘုန်းတော်ကြီးဆောင်းပုသိမ်ထီးကို သေနတ်အဖြစ်ထမ်းကာ အာဇာနည်ဗိုလ်တေဇတို့လမ်းအတိုင်း '' ရဲဘော်တို့ တစ် နေရာယူ၊ နှစ်အသင့်ပြင်၊ သုံး....လေး ငါး ဒိုင်းညှောင့် '' လုပ်ရသည်ကို ပျော်ရွှင်ဂုဏ်ယူတတ်ခဲ့သည်။

သို့သော် သူ မန္တလေးစာသင်သားဘ၀ ( ၈ )လေးလုံးနောက်ပိုင်းတွင်တော့ သူမျှော်ငေးကာ စိတ်နှလုံးတွင် နေရာကျယ်ကျယ်ပေးထားခဲ့သော တပ်မတော်သားကြီးများ၏ လှံစွပ်တပ်သေနတ်ပြောင်းဝကြီးများက ယမ်းခိုးဝေ့ကာ သူ့ဘက်သို့ ချိန်ရွယ်ထားသလို ခံစားရအောင် ကြေကွဲဖွယ်အဖြစ်အပျက်နှင့် အိပ်မက်ဆိုးတို့ကို မျက်မှောက်ပစ္စက္ခ သူမက်ခဲ့ရလေပြီ။

(၆)
အားနည်းချက်များစွာဖြင့် သေးသိမ်ကျဉ်းမြောင်းလှသော အာဏာနိုင်ငံရေးစနစ်ဆိုးအောက်တွင် စစ်တပ်သည် ပထမဆုံးပုံရိပ် ပျက်ယွင်းရသည်ကို ပိဋကတ်စာပေများတွင်လည်း သူ ဖတ်မှတ်သံဝေဂယူရပါလေသည်။

ဗုဒ္ဓအရှင်သည်ပင် ပါဝါလွန်ဆွဲသော အာဏာနိုင်ငံရေးအရှုပ်တော်ပုံများနှင့် ငြိကပ်ထိရှခဲ့ရသေးသည်။ ဗုဒ္ဓခေတ်မဇ္ဈိမ၏ စူပါပါဝါအင်အားကြီးနိုင်ငံများဖြစ်သည့် မဂဓနှင့် ကောသလတို့တွင် ဖခင်းများထံမှ သားများက စစ်တပ်နှင့်ပေါင်းကာ အာဏာသိမ်းပွဲကြီးများဆင်နွှဲခဲ့ကြသည်။ မဂဓတိုင်းတွင် အဇာတသတ်က ဖခင် ဗိမ္ဗိသာရကို အကျဉ်းချထားကာ အာဏာသိမ်းခဲ့သည်။ ဗိမ္ဗိသာရမင်းကြီးကို ပါဠိပိဋကတ်များတွင် သေနိယ(စစ်အင်အားကြီးသူ) ဟု ဖော်ပြလေ့ရှိသည်။ သားကို ချစ်ဇောကြီး၍ စစ်တပ်ကြီးတစ်ခုလုံးကို သားတော်လက်သို့ လွှဲအပ်လိုက်ရာမှ အပြီးအပိုင်အာဏာအသိမ်းခံလိုက်ရခြင်းဖြစ်သည်။ ကောသလတိုင်းတွင်လည်း ၀ိဋဋူပမင်းသားက သေနာပတိချုပ် ဒီဃကာရာယန၏ စစ်တပ်ကျောထောက်နောက်ခံဖြင့် ဖခင် ပသေနဒီကောသလ ဘုရင်မင်းမြတ်ထံမှ အာဏာသိမ်းယူခဲ့သည်။

မဂဓနှင့် ကောသလတိုင်းစစ်တပ်ကြီးများ၏ ပုံရိပ်သည် အာဏာငတ်မွတ်သူတို့၏ သွေးဆာသောအမိန့်ပေးသံအောက်တွင် ပုံရိပ်ကောင်းပျောက်ခဲ့ရသည်။ နောက်ပိုင်းတွင် ၀ိဋဋူပ၏ နယ်ချဲ့စစ်တပ်ကြီးက ဗုဒ္ဓအရှင်၏ မွေးရပ်မြေသက္ကတိုင်း ကပိလ၀တ်သို့ ချီတက်သွားခဲ့သည်။ ဗုဒ္ဓကိုယ်တော်မြတ်က ကပိလ၀တ္ထုနယ်စပ်ရှိ သစ်ခြောက်ပင်အိုအောက်မှာ ထိုင်ရင်း အမိမြေကို ဓမ္မပရိယာယ်ဖြင့် ကယ်တင်တော်မူခဲ့ရှာသေးသည်။

ဝိဋဋူပက မေးလျှောက်သည်။သစ်ကြီးဝါးကြီးတွေ ရှိပါလျက် ဘာဖြစ်လို့ သစ်ခြောက်ပင်အောက်မှာမှ ထိုင်တော်မူရပါသလဲ...။
သစ်ပင်ဝါးပင်အရိပ်ထက် ဆွေရိပ်မျိုးရိပ်က ပိုအေးပါသကွယ် ဟု ဗုဒ္ဓဖြေတော်မူရှာသည်ကို အားနာနားလည်စွာ စစ်တပ်ကြီးပြန်လှည့်သွားခဲ့သည်။

သို့သော် သကျတို့၏ ၀ဋ်ကျွေးနှင့် ၀ိဋဋူပ၏ မပြေနိုင်သော အာဃာတတရားတို့ကို ဗုဒ္ဓအရှင် သုံးကြိမ်ထက်ပို၍ မတားဆီးသာခဲ့ပါ။ ၀ိဋဋူပ၏ စစ်တပ်ကြီးက သကျသာကီဝင်တို့ကို လူမျိုးတုံးစစ်ပွဲကြီးဆင်နွှဲခဲ့ပါလေသည်။ သက္ကတိုင်း၊ ကပိလ၀တ်ပြည်ကြီး စစ်မီးလျှံအောက်တွင် ပြာကျခဲ့သလို အောင်ပွဲခံပြန်လာသော ကောသလ
စစ်တပ်ကြီးသည်လည်း အခါမဲ့ သည်းစွာ ရွာသော အစိရ၀တီမိုးမြစ်ရေကြောတွင် မျောကာ ပျက်သုဉ်းသွားခဲ့ရပါလေသည်။

မဂဓတိုင်းနိုင်ငံရေးက ကြိုတင်ကြံစည်မှုပါသောနိုင်ငံရေးဖြစ်၍ ဖခင်ထံမှ အာဏာသိမ်းယူပြီးချိန်တွင် စစ်တပ်နှင့် အပြိုင် ညီညွတ်သောအင်အားရှိသည့် ဗုဒ္ဓအရှင်၏ သံဃာထုကို အဇာတသတ်က စိုးထိတ်လေသည်။ (သမားတော်ဇီဝက၏ တိုက်တွန်းမှုဖြင့် ဗုဒ္ဓအရှင်ထံ ချဉ်းကပ်ရန် သရက်ဥယျာဉ်ထဲသို့ ၀င်စဉ် တန်ဆောင်တိုင်ညက တိတ်ဆိတ်လှသောကျောင်းတော်ကြီးအတွင်းတွင် လုပ်ကြံခံရမည်ကို စိုးရိမ်မိကြောင်း ပိဋကတ်မှတ်တမ်းရှိသည်။)

သမားရိုးကျဗုဒ္ဓ၀င်ပြကွက်များတွင် ဆရာဖြစ်သူဒေ၀ဒတ်က ဗုဒ္ဓအရှင်ကို လုပ်ကြံ၍ ဘုရားရာထူးကို လုမည့်ဟန် ပုံဖော်ကြသည့်တိုင် ထို့ထက် ပိုနိုင်လေသည်။ ရှင်ဒေ၀ဒတ်သည် မက်ခ်ဗယ်လီကဲ့သို့သော နိုင်ငံရေးသုခမိန်မင်းသားဟောင်းတစ်ပါးဖြစ်လေသည်။ အင်အားကြီးမား၍ ပြည်သူတို့၏ ထောက်ခံကြည်ညိုမှုကို အပြည့်အ၀ရထားသော ဗုဒ္ဓအရှင်နှင့် ညီညွတ်သောသံဃာထုကို ဖြိုခွဲရန် ကြံစည်ခဲ့လေသည်။ သဃာ့ခေါင်းဆောင်အကြီးအမှူးဖြစ်သော ဗုဒ္ဓကို အထောက်တော်များစေလွှတ်ကာ လုပ်ကြံခဲ့၍ မအောင်မြင်သောအခါ သဃာထု၏ ပုံရိပ်(Image)ကို အများပြည်သူတို့အမြင်တွင် သိမ်ငယ်သွားစေရန် ဗုဒ္ဓအရှင်ထံတွင် တောင်းဆိုချက်ငါးမျိုးတင်ပြကာ အကွက်ကျကျဖန်တီးခဲ့ပြန်သည်။

အမှန်စင်စစ် လာဘ်လာဘ ကျောစောမှုနှင့် အရှိန်အ၀ါကို တပ်မက်မောပြီး လောကီကို ညွတ်နူးနေပြီဖြစ်သည့် ရှင်ဒေ၀ဒတ်အနေဖြင့် ဘုရားလုပ်ရန်ထက် ပိုသော ရည်မှန်းချက်ရှိပါလိမ့်မည်။ ဗုဒ္ဓအရှင်နှင့် အဂ္ဂမဟာသာဝကကြီးများ၏ သြ၀ါဒအောက်တွင် ပိပြားညီညွတ်နေသောသံဃာထုကို မဖြိုခွဲနိုင်ခဲ့သဖြင့် မှန်းချက်မကိုက်ဖြစ်ကာ ခါးပိုက်ထဲမှာ ရှိနေပြီဟု ထင်သော အဇာတသတ်၏ ပစ်ပယ်ခြင်းကို ခံခဲ့ရသည်။ အကယ်၍သာ မှန်းသလောက်ပေါက်ခဲ့လျင် အဇာတသတ်လက်ထဲက အာဏာနှင့် စစ်တပ်ကြီးကို မျက်စိကျပြီးဖြစ်ပေလိမ့်မည်။

အာဏာနိုင်ငံရေးတွင် စစ်တပ်က ပထမပုံရိပ်ပျက်ရသည်။
ဒုတိယ ညီညွတ်သောအင်အားစုတို့ကို ဖြိုခွဲရန်၊ သို့မဟုတ် ချိနဲ့စေရန် ၎င်းအင်အားစုတို့၏ ပုံရိပ်ကို ဖျက်ဆီးရသည်။

လွန်ခဲ့သောလက ရွှေပြည်ကြီးသို့ အပြန် ငယ်စဉ်ကနေခဲ့ဖူးသော မြို့လေးသို့ ရောက်သွားခဲ့သည်။
မြို့လေး၏ ကျောင်းကန်သာသနိကအဆောက်အဦးများက သစ်လွင်တောက်ပနေသည်ကို အံ့ဘနန်းတွေ့ရသည်။ မြို့ခံမိတ်ဆွေရဟန်းတစ်ပါးက မှတ်ချက်ပေးသည်။ ဖက်စလီတီ(Facility) သာသနာပေါ့ ငါ့ရှင်ရယ်..။ ငါ့ရှင်တို့ငယ်ငယ်တုန်းက ကျောင်းအိုကန်အိုတိုင်းမှာ ကြားရတဲ့ စာအံသံတွေ ဘယ်မှာ ကြားရတော့လို့လဲ..တဲ့။
''အနှစ်နှစ်ဆယ်ကျော်အတွင်းမှာ ပိုင်ပိုင်နိုင်နိုင် မျက်ခြေဖြတ်ပစ်လိုက်နိုင်တာကတော့ ချီးကျူးစရာပဲ'' ဟု မိတ်ဆွေရဟန်းက ဆက်ပြောပါသည်။

''ဘယ်လိုပါလိမ့်'' ဟု သူက အသိခက်စွာ မေးမိတော့ ''ဒီနေ့ခေတ် စစ်သားလေးတွေ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ရဲဘော်သုံးကျိပ်တို့၊ဖက်ဆစ်တော်လှန်ရေးး၊တရုတ်ဖြူကျူးကျော်စစ်ကာလတွေက တပ်မတော်သားကြီးတွေရဲ့ ပုံရိပ်တွေနဲ့ မျက်ခြေပြတ်သွားသလို ငါတို့သာသနာ့ဝန်ထမ်းတွေကိုလည်း လယ်တီဆရာတော်၊ မစိုးရိမ်ဆရာတော်၊မင်းကွန်းဆရာတော်တို့ဆိုတဲ့ ပုံရိပ်ကြီးတွေနဲ့ မျက်ခြေဖြတ်ခံလိုက်ရပြီလေ..။

ပြည်သူတွေရဲ့အမြင်မှာ စစ်တပ်တစ်ခုထဲ ပုံရိပ်ပျက်နေတယ် မထင်နဲ့...သာသနာ့ဝန်ထမ်း၊ ကျောင်းသားထု၊ပညာရေးဝန်ထမ်း၊ကျန်းမာရေးဝန်ထမ်း. နယ်ပယ်ပေါင်းစုံ ပုံရိပ်ပျက်အောင် မျက်ချေဖြတ်ပြီး ဆွဲခေါ်သွားတာပဲလေ..။''

ပစ္စည်းဝတ္ထု (လာဘ Gain)ပူဇော်မှု (သက္ကာရ Honor)နှင့် ကျောဇော်မှု (သိလောက Fame) သည် ရဟန်းဖြစ်စေ လူဝတ်ကြောင်ဖြစ်စေ ပုထုဇဉ်တိုင်း ကြိုက်နှစ်သက်ကြသောအရာများဖြစ်သည်။ မျှားလိုက်လျှင် ဟတ်ချင်တတ်မြဲဖြစ်သည်။ မုံရွာဇောတိက ဆရာတော်ကြီးက သြ၀ါဒစကား မိန့်ဖူးသည်။ ပုထုဇဉ်ပီပီ လိုချင်တဲ့သတ္တ၀ါတွေချည်းပဲ.. ဒါပေမယ့် ငတ်ကြီးမကျကြနဲ့..။ သို့သော် ထိုအရာများကို ကျော်လွှားနိုင်ဖို့ဆိုသည်မှာ စိတ်ဓါတ်ကိုယ်ခံအားကောင်းပါမှ၊ သို့မဟုတ် လောကဓံ၏ ရိုက်ပုတ်မှုဒဏ်ကို ခံနိုင်ပါမှဖြစ်မည်။
စစ်တပ်က အာဏာသိမ်းပြီး (၈၈)နောက်ပိုင်းနှစ်ကာလများတွင် သာသနာ့ထိပ်ခေါင်တင် ဆရာတော်ဘုရားကြီးများကို ပုံရိပ်ပျက်လမ်းကြောင်းပေါ်သို့ ဘွဲ့တံဆိပ်များ ဖောဖောသီသီကပ်လှူခြင်းဖြင့် ဆွဲခေါ်သွားသည်။ ယခင်က မစိုးရိမ်ဆရာတော်ဘုရား၊ခန္တီးဆရာတော်ဘုရားတို့ကဲ့သို့ တစ်နယ်လုံး တစ်တိုင်းလုံးကျောက်ထီးတန္တုသဖွယ် လေးစားမြတ်နိုးရသည့် အဘိဓဇမဟာရဋ္ဌဂုရုဆရာတော်ကြီးတစ်ပါးတည်း ရှိရာမှ နှစ်ပါးသုံးပါးဖြစ်လာသည်။
လယ်တီဆရာတော်၊ မန်လည်ဆရာတော်၊အရှင်ဇနကာဘိဝံသတို့ကဲ့သို့သော ကျမ်းပြုနှင့် စာချအကျော်ဆရာတော်ကြီးများကိုသာ ကပ်လှူသည့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်များလည်း ဖောင်းပွလာသည်။ ဘုရားရှိခိုးအမျိုးမျိုးနှင့် ကျောင်းစည်းကမ်းပြုစုသော စာတတ်ပေတတ်ကြီးများလည်း အဂ္ဂမဟာပဏ္ဍိတနှင့် အလှမ်းမဝေး။ သို့နှင့် ရထိုက်၊ မရထိုက်သော ပုဂ္ဂိုလ်များရောထွေး ကာ ဘွဲ့ခံပုဂ္ဂိုလ်ကြီးများက သရော်ချင်စရာကောင်းလာတော့သည်။


Tags:

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်