Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Sunday 8 January 2012

သတို့သား သတို့သမီးများအတွက် အဆုံးအမ(၁၀)ချက်

ထို(၁၀)ချက်သည် မိဂါရသူဌေးရဲ့သား ပုဏ္ဏဝဍ္ဎ သတို့သားနှင့် ဓနဉ္စယသူဌေးရဲ့သမီး ဝိသာခါ သတို့သမီးတို့ စုလျားရစ်ပတ် လက်ထပ်ထိမ်းမြားမင်္ဂလာပွဲ ကျင်းပစဉ်အခါက ဖခင်ဖြစ်တဲ့ ဓနဉ္စယသူဌေးက သမီးဖြစ်သူ ဝိသာခါကို ဆုံးမပြောဆိုတဲ့ သြဝါဒ(၁၀)ချက်ဖြစ်ပါတယ်။ သတို့သား သတို့သမီးတိုင်းလိုက်နာသင့်သည့် အချက်များပင်ဖြစ်ပါသည်။
၁။  အတွင်းမီးကို။  အပြင်သို့၊  မထုတ် ဆောင်အပ်။
အတွင်းမီးကို အပြင်မထုတ်ဆောင်ရဘူးဆိုတာ မိမိတို့ရဲ့ အိမ်တွင်းရေးပြဿနာ၊ အိမ်တွင်းရေးစကားများကို အပြင်သူစိမ်း ပုဂ္ဂိုလ်များအား မပြောကြားရပါ။ ပြောကြားမိလျှင် မိမိတို့ မိသားစုမှာ အပြင်လူပယောဂ ကြောင့် ပြဿနာမပြေလည်တဲ့အပြင် ပိုပြီးရှုပ်ထွေးသွားတတ်ပါတယ်။ ဒါကြောင့် အတွင်းစကား အပြင် မပြောရ။ အတွင်းထရံ အပြင်မကာရဟု သြဝါဒပေးခြင်းဖြစ်ပါတယ်။
၂။ အပြင်မီးကို၊ အတွင်းသို့၊  မသွင်းရ။
အပြင်ကမီးကို မိမိအိမ်တွင်းသို့ မီးကူးယူခြင်းကို အပြင်မီး အတွင်းသို့ မသွင်းရဟု ဆိုလိုခြင်းမဟုတ်ပါ။ အမှန်မှာ အပြင်ကပြောလိုက်တဲ့ မိမိတို့မိသားစု စိတ်ဝမ်းကွဲစရာ စကားများကို အိမ်တွင်းသို့ သယ်ဆောင် ခြင်းမပြုဟုဆိုလိုခြင်းဖြစ်ပါတယ်။ ဘေးလူဆိုတာ လိုတစ်မျိုး မလိုတစ်မျိုး၊ မိမိရဲ့ ယောက္ခမအကြောင်း လင်အကြောင်း မကောင်းစကားပြောကြားလာလျှင် မိမိက လက်ခံသယ်ဆောင်ခြင်းမပြုပါနှင့်။ကိုယ်ချင်းကိုယ်သာ ဆွေးနွေးတိုင်ပင် မေးမြန်ဖြေရှင်းပါ။ ဘေးစကားမယုံရ။ ဘေးစကားယုံရင် အပြင်ထရံ အတွင်း ကာပြီလို့မှတ်ပါ။
၃။ ပေးသူကိုသာပေးရမည်။
ဆိုလိုတာက မိမိပိုင် ဥစ္စာငွေကြေးများကို မိမိအား အမှန်တကယ် ပြန်ဆပ်မည့်သူ၊ ပြန်ပေးမည့်သူကိုသာ အတိုးအပွား ချေးငှားပေးကမ်းပါဟု ဆိုလိုပါတယ်။
၎။မပေးသူကို မပေးရပါ။
မိမိပိုင် ဥစ္စာငွေကြေးများကို မိမိအား အမှန်တကယ် ပြန်မဆပ်သူများ၊ ပြန်ပေးလိမ့်မည်ဟု မယုံကြည်ရသူ များကို ဘယ်သောအခါမှ အတိုးအပွား ချေးငှားခြင်းမပြုပါနှင့်။
၅။ဒဒန္တဿာပိ အဒဒန္တဿပိ ဒါတဗ္ဗံ=ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ပေးရမည်။
မိမိရဲ့ ဆွေးမျိုး၊ လင်ရဲ့ဆွေးမျိုးများကျတော့ ပြန်ပေးသည်ဖြစ်စေ၊ ပြန်မပေးသည်ဖြစ်စေ နှစ်ဖက်မျှတအောင် ဆက်ဆံ၍ ဥာတိဓမ္မဖြည့်ကျင့်တဲ့အနေအားဖြင့် အထိုက်အလျောက် ပေးကမ်းချီးမြှင့်ပါဟု ဆိုလိုပါတယ်။
၆။ ချမ်းသာစွာထိုင်ပါ။
ချမ်းသာစွာထိုင်ပါဆိုတာ ယောက္ခမများနှင့် လင်ယောင်္ကျားကို မြင်ပါလျှင် ထပေးရမည့်နေရာ၌ ထိုင်ခြင်းငှာ မသင့်တော်သောကြောင့် ထိုနေရာ၌ မထိုင်ဘဲ အခြားသင့်တော်ရာနေရာ၌ ထိုင်ပါဟု ဆိုလိုခြင်းဖြစ်ပါတယ်။
၇။ သုခံဘုဉ္စိတဗ္ဗံ= ချမ်းသာစွာ စားသောက်ပါ။
ချမ်းသာစွာ စားသောက်ပါဆိုတာ ယောက္ခမနှင့် လင်ယောင်္ကျားတို့ကို ပြုစုလုပ်ကျွေးပြီးမှ အားလုံးအတွက် လောက်ငသည်။ မလောက်ငသည်ကို ချင့်ချိန်ပြီးမှ စားသောက်ပါလို့ ဆိုလိုပါတယ်။
၈။သုခံနိပဇ္ဇိတဗ္ဗံ= ချမ်းသာစွာအိပ်စက်ပါ။
ချမ်းသာစွာ အိပ်စက်ပါဆိုတာသည်ကား ယောက္ခမနှင့် လင်ယောင်္ကျားတို့ အရင်အိပ်ယာပေါ် တက်မအိပ်သေးဘဲယောက္ခမနှင့်လင်ယောင်္ကျားတို့အားပြုသင့်ပြုထိုက်သောဝတ္တရားများကို 
ကျေပွန်ပြုလုပ်ပြီးမှ အိပ်ပါဟု ဆိုလိုပါတယ်။
၉။မီးကို လုပ်ကျွေးပါ။
မီးကို လုပ်ကျွေးပါဟူသည် ယောက္ခမနှင့်လင်ယောင်္ကျားတို့ကို လောင်မြိုက်စေတတ်သော မီးပုံကြီးကဲ့သို့ လည်းကောင်း၊ ကိုက်ခဲတတ်သော မြွေနဂါးမင်းကဲ့သို့လည်းကောင်း၊ရှူမြင်၍ ယောက္ခမနှင့် ပတ်သတ်၍ လောဘမီး၊ဒေါသမီး ၊ မောဟမီး မာနမီး အလောင်မခံရအောင် ပြုစုလုပ်ကျွေးပါဟုဆိုလိုပါတယ်။
၁၀။အိမ်တွင်းနတ်တို့ကို ရှိခိုးပါ။
အိမ်တွင်းနတ်ဆိုသည်မှာ ယောက္ခမနှစ်ဦးနှင့်လင်ယောင်္ကျားတို့ပင်ဖြစ်သည်။သက်ကြီးဝါကြီး
ယောက္ခမ နှစ်ဦးတို့ကို ရှိုခိုးရခြင်းသည် ရိုသေလေးစားရာရောက်သဖြင့် ယောက္ခမနှစ်ဦးတို့က ချစ်ခင်ခြင်း၊ ကုသိုလ်ရ ခြင်း၊ အိမ်ထောင်ရေး သာယာခြင်း စတဲ့ အကျိုးတွေကို ပေးတတ်ပါတယ်။
လင်ယောင်္ကျားကို ရှိခိုးခြင်းသည် မိမိရဲ့ ထမင်းရှင်၊ ဟင်းရှင်၊ကျေးဇူးရှင်ဖြစ်သဖြင့် သူ့ကျေးဇူးကို သိတတ် ခြင်း၊ ကျေးဇူးတရားကို တုံ့ပြန်ပေးဆပ်ရာရောက်ခြင်း၊ နတ်များချစ်ခင်ခြင်း၊လင်ချစ်ခင်ခြင်း၊ မိမိလင်- ယောင်္ကျားကို မြှင့်တင်ရာရောက်ခြင်း စတဲ့အကျိုးတရားဖြစ်ပေါ်တတ်ပါသည်။
ဝိသာခါသည် ဖခင်မှာလိုက်တဲ့ သြဝါဒစကား(၁၀)ချက်ကို ဦးထိပ်ရွတ်ပန်ဆင်၍ လင်အိမ်လိုက်ကာ နေထိုင်ပြီး ဝတ္တရားများကို ကျေပွန်သည့်အပြင် အယူမှန် ဗုဒ္ဓဘာသာဝင်ဖြစ်အောင် စည်းရုံးသိမ်းသွင်း နိုင်ခဲ့ ပါတယ်။
ဝိသာခါရဲ့ စည်းရုံးသိမ်းသွင်းမှုကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့ မိဂါရ သူဌေးကြီးသည် ယခုမှ ချွေးမ ကောင်း ရလို့ ဘုရားစစ် ဘုရားမှန်၊တရားစစ် တရားမှန် သံဃာစစ် သံဃာမှန် ကိုးကွယ်ကြည်ညိုပူဇော်ရပေ သည်။ ဝိသာခါသည် အသက်ငယ်ပေမယ့် အလိမ္မာရည်ပြည့်ဝသူ၊ တရားရည်ပြည့်ဝသူ၊ငါရဲ့ ကယ်တင်ရှင် ဖြစ်ပေသည်။ဝိသာခါသည် သမီးချွေးမဖြစ်ပေမယ့် ငါရဲ့ ကျေးဇူးရှင် ဖြစ်ခြင်းကြောင့် မိခင်အရာ၌ ထားထိုက်ပေသည်ဟု နှလုံးသွင်းဆုံးဖြတ်ကာ ချွေးမအလိမ္မာ ဝိသာခါကို မိဂါရ သူဌေးကြီးက မိခင်အရာ၌ ထားခဲ့ဖူးလေသည်။ ဒါကြောင့် ဝိသာခါကို မိဂါရမာတာဟု မော်ကွန်းတင် ဂုဏ်ပြုခံရပေသည်။ တစ်အိုးတစ်အိမ်ထောင် ထူထောင်ကြမည့် သတို့သား သတို့သမီးအားလုံးတို့သည်လည်း ပုဏ္ဏဝဍ္ဎန၊ ဝိသာခါတို့ပုံစံကိုအတုယူ၍သြဝါဒ(၁၀)ချက်မပျက်မကွက်လိုက်နာကျင့်သုံးပြီး လောကသာသနာ နှစ်ဖြာအကျိုး သယ်ပိုးဆောင်ရွတ် စည်းရုံးသိမ်းသွင်းနိုင်ကြသော စံပြဇနီးမောင်နှံကောင်းများ ဖြစ်ကြပါစေလို့ ဆုတောင်းမှုပြုလိုက်ပါသည်။စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာ တက္ကသိုလ် အိန္ဒိယနိုင်ငံ)

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်