Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Saturday 21 January 2012

ဇွဲနေ၀င်းနှင့် တွေ့ဆုံခြင်း

ဇွဲနေ၀င်းနှင့် တွေ့ဆုံခြင်း

Photo

၂၀၀၂ ခုနှစ်မှစတင်၍ အစ်ကိုနှစ်ဦးဖခင်တို့နှင့်အတူ ဖမ်းဆီးခံခဲ့ရပြီး   နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ဖခင်ဖြစ်သူနှင့်အတူ လွတ်မြောက်လာသော
ကိုဇွဲနေ၀င်းနှင့် ဇန်န၀ါရီ၁၆ရက်တွင်၎င်း၏နေအိမ်၌ တွေ့ဆုံမေးမြန်းထားသည်များမှ ပြန်လည်ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။ ကိုဇွဲနေ၀င်းမှာ   ဗိုလ်ချုပ်ကြီးဟောင်း
ဦးနေ၀င်း၏မြေး၊ ဒေါ်စန္ဒာဝင်း၏ သားဖြစ်သည်။ ၎င်းလွတ်မြောက်လာသော်လည်း အစ်ကိုဖြစ်သော ကျော်နေ၀င်းနှင့်  အေးနေ၀င်းတို့မှာလွတ်မြောက်ခြင်း မရှိသေးပေ။
ကိုဇွဲနေ၀င်းထွက်လာပြီး ဘယ်တွေကို သွားပြီးသွားပြီလဲ။
ကျွန်တော်ပြန်ရောက်ပြီးတော့ အန်ကယ်ဦးခင်ညွန့်ဆီသွားလိုက်တယ်။ အန်ကယ်ဦးခင်ညွန့်နဲ့လည်းတွေ့တယ်။ ရွှေတိဂုံဘုရားသွားသေးပါတယ်။ ရန်ကုန်မြို့ထဲ နည်းနည်းပါးပါးရောက်တယ်။ ဘယ်သူဘယ်ဝါနဲ့မှတော့သွားပြီး မတွေ့ရသေးဘူး။
အတွင်းထဲနေခဲ့တဲ့  အတွေ့အကြုံပြန်ပြောပြပေးပါလား။
အတွင်းထဲနေခဲ့တဲ့ အတွေ့ အကြုံကတော့ ကျွန်တော်ထွေထွေထူးထူးကြီးတော့ ပြောစရာမရှိပါဘူး။ ထောင်စည်းကမ်းနဲ့ နေရင်တော့ ထောင်လိုနေလို့ရတာပေါ့။အိမ်နဲ့
မတူတာတွေပဲရှိပါတယ်။
လွတ်မယ်လို့ ကြိုပြီးသိထားလား။
ကြိုပြီးသိထားလားဆိုတော့ ကြေညာလိုက်တဲ့အချိန်မှာ    သိသွားတာပေါ့။
လွတ်ပြီလို့သိတော့ ပထမဆုံးပေါ်လာတဲ့ ခံစားချက်က။
အဲ့ဒီမှာတုန်းက ခါတိုင်းလည်း ဘယ်လောက်ရှိမလဲ။ နိုင်ငံတော်ပေးတာပေါင်း လက်ချိုးရေလို့   မရတော့ဘူး။ နိုင်ငံတော်တွေကျွန်တော်ကြုံခဲ့တာများပြီ။ ဘယ်လို ပြောရမလဲ။ အရေထူတယ်လို့ပဲ ပြောရမလား။ ပါရင်လည်းပါမှာပေါ့လေ။ မပါရင်လည်းမပါဘူးပေါ့လေဆိုပြီးတော့။  ဒါပေမဲ့ ဆုတော့တောင်းပါတယ်။ ပါသင့် ပါထိုက်တဲ့သူတွေ။ ကိုယ့်ထက်ကြာနေတဲ့သူတွေရှိရင်ရှိမယ်ဗျာ။ ကိုယ့်ထက်နေမကောင်းတဲ့သူ တွေရှိရင်ရှိမယ်ဗျာ။၊ မြန်မြန်ပါသင့်တဲ့သူတွေလည်း   မြန်မြန်ပါကြပါစေပေါ့။ မိသားစုနဲ့ဝေးနေတဲ့သူတွေပေါ့။   အဲ့ဒီတုန်းကတော့ ကျွန်တော် ဆုတောင်းပေးပါတယ်။
အဲ့ဒီတော့ ၂၀၀၂ က  အနေအထားနဲ့ ဘုရားလည်းသွားပြီးပြီ၊ ဦးခင်ညွန့်ဆီလည်းသွားပြီးပြီ၊  လမ်းတစ်လျှောက်လည်း  နည်းနည်းပါးပါးတွေ့ပြီးပြီဆိုတော့  ရန်ကုန်ကို ဆယ်
နှစ်လောက်အတွင်း ဘာတွေပြောင်းလဲသွားတယ်လို့ အစ်ကိုမြင်လဲ။
ရန်ကုန်မှာကတော့    တိုးတက်တယ်လို့တော့ပြောလို့ရပါတယ်။ နောက်လှသွားတဲ့နေရာတွေလည်းရှိသလို အလှပျောက်သွားတဲ့ နေရာတွေလည်းရှိမှာပေါ့လေ။
စာစောင်တွေ၊ သတင်း စာတွေ၊ ရေဒီယို၊ တီဗီတွေရော ဖတ်ရကြည့်ရလား။
စာစောင်တွေတော့ ဖတ်ရပါတယ်။ တီဗီလည်း အများနည်းတူကြည့်ရပါတယ်။ သတင်းစာ၊ ဂျာနယ်တွေ။ အဲ့ဒါကပဲ ကျွန်တော်တို့အတွက် အစားအစာတွေလိုပေါ့ အရသာခံလို့ရတဲ့အစားအစာလိုဖြစ်ခဲ့တာပေါ့။
လူငယ်ဘ၀မှာ   ဆယ်နှစ်ကျော်ထောင်ထဲမှာ ဖြတ်သန်းခဲ့ရတော့ တစ်နေ့တာ၊ တစ်နေ့တာကို ဘယ်အတွက် အချိန်အများဆုံး အသုံးပြုပါသလဲ။
များသောအားဖြင့်ကတော့ တရားနဲ့ပါပဲ။ ဘာသာရေးလုပ်ဖြစ်နေတော့ တရားနဲ့ပဲဖြေပါတယ်။ အဲ့ဒါကတော့ အကောင်းဆုံးနည်းပါပဲ။
ဒါဆိုစာစောင်တွေလည်း ဖတ်ရတယ်၊ သတင်းစာတွေလည်းဖတ်ရတယ်ဆိုတော့   လက်ရှိသမ္မတဦးသိန်းစိန်နဲ့   လက်ရှိအစိုးရအပေါ် ဘယ်လိုမြင်ပါသလဲ။
ဒါကတော့   ကောင်းပါတယ်လို့ ကျွန်တော်ပထမဆုံးပြောချင်ပါတယ်။ သူလုပ်တာ တစ်နှစ်မပြည့်သေးဘူး။ လွတ်ငြိမ်းချမ်းသာပေးတာ လေးကြိမ်မြောက်ဖြစ်သွားပြီ။ သူ့ရဲ့စေတနာကိုတော့ အသိအမှတ်ပြုရပါတယ်။ သူ့မှာလည်း အခက်အခဲတွေရှိမှာပဲ။ ဒါကြောင့်ပါတဲ့သူလည်းပါတယ်။ မပါသေးတဲ့သူလည်းမပါဘူးပေါ့။  ဒါကိုတော့ နားလည်ပေးရမှာပေါ့။
လက်ရှိ  နိုင်ငံရေးအခြေအနေကိုရော ဘယ်လိုမြင်လဲ။
နိုင်ငံရေးအနေအထားကတော့ကြည့်ရတာကောင်းပါတယ်။ ကြည့်လို့ကောင်းတယ်ပေါ့။  သမ္မတကြီးက သူလည်းတော်တယ်။ တပ်မှာကတည်းက အစဉ်အလာနဲ့လာ
တဲ့သူလေ။ သူလည်းတော်တယ်။ တစ်ဖက်မှာလည်း   ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ စကားပြောနေပြီဆိုတော့။ ဒါဟာမင်္ဂလာပဲပေါ့။ ကျွန်တော်တို့နိုင်ငံရေးမှာ မင်္ဂလာ
တွေစဖြစ်နေပြီပေါ့။ ဒါကို ဆက်ပြီးသွားနိုင်ဖို့ပဲ။   ဆက်သွားနိုင်ဖို့က အဓိကပဲ။အဲ့ဒါကို ၀ိုင်းလုပ်ရမယ်။ ၀ိုင်းလုပ်ရမယ်ဆိုတာမှာ သူပါမှ၊ကိုယ်ပါမှမဟုတ်ဘူး။ တစ်တိုင်း
ပြည်လုံးက အဲ့ဒါမျိုးတွေ ဆက်ပြီးကောင်းအောင်လုပ်သွားရမယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ်ကိုဇွဲနေ၀င်းရဲ့အမြင်ကို    ပြောပြပေးပါ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျွန်တော်တို့နိုင်ငံမှာ သူကတော့တကယ်တော်တဲ့  ပုဂ္ဂိုလ်ထဲမှာပါတာပဲ။  နို့မို့ဆို ကျွန်တော်တို့နိုင်ငံကို လူတွေမေ့ချင်မေ့နေမှာ။ ဒေါ်
အောင်ဆန်းစုကြည်ရှိနေလို့သာ ကျွန်တော်တို့နိုင်ငံလူတွေသိနေ သေးတာပေါ့။
ဦးသိန်းစိန်အပေါ်မှာရော ဘယ်လိုမြင်လဲ။
တိုင်းပြည်အနေအထားက ဒါကတော့လူပေါ့နော်။ သမ္မတကြီးပေါ့။ ဒါကလူကောင်းလို့    တိုင်းပြည်ကောင်းနေတာပေါ့။  သူသာ လွန်ခဲ့တဲ့ငါးနှစ်လောက်ကတည်းကဆို အခုတိုင်းပြည်တော်တော်ကောင်းနေပါပြီ။ အဓိကကတော့စေတနာ ပေါ့နော်။
မြန်မာနဲ့ နိုင်ငံရေးတကာဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမြင်လဲ။
အဲ့ဒါကတော်တော် ကောင်းတဲ့ဟာပါ။ ကျွန်တော်တို့နိုင်ငံက သမ္မတကြီးဦးသိန်းစိန်လက်ထက်မှာ အမေရိကန်နဲ့ ဒီလိုရလာတာ အင်မတန်ကောင်းတဲ့ဟာပါ။ သူ့
ရဲ့ကြိုးစားမှုသူ့ရဲ့အောင်မြင်မှုလို့ပြောလို့ရတာပေါ့။ တစ်ချိန်ကျရင် ကျွန်တော်တို့နိုင်ငံလည်း ကမ္ဘာ့အလယ်မှာ ပြန်ပြီးထောင်လာနိုင်မှာပါပဲ။   သမ္မတကြီးနဲ့အခုလို အမေရိကန်ဆက်သွယ်နိုင်တာ မင်္ဂလာရှိတယ်။   အောင်မြင်ပါစေ။ လုပ်နိုင်ပါစေလို့ပြောချင်တယ်။
ရှေ့ဘာတွေ   ဆက်လုပ်သွားဖို့ စဉ်းစားထားလဲ၊ အစီအစဉ်ရှိလဲ။
ရှိပါတယ်။ ဒါတွေကတော့ ကျွန်တော်ကတော့ လုပ်စရာတွေ  အများကြီးရှိပါတယ်။   တိုင်းပြည်ရဲ့ ကောင်းတဲ့ဟာတွေဆိုရင်တော့ ဘယ်သူနဲ့မဆို အားပေးရမယ်။ ကူ ညီရမယ်။ ဒါပေမဲ့ ကျွန်တော် တစ်ခုတော့ပြောလိုက်မယ်။ ကျွန်တော်အခု   Political  Arena  ထဲကိုတော့ ကျွန်တော်မ၀င်ပါဘူး။
ဒါဆို    နိုင်ငံရေးတော့  မလုပ်ဘူးပေါ့။
နိုင်ငံရေးတော့မလုပ်ဘူး။ အဲဒီ Area ထဲတော့ဝင်ဖို့အစီအစဉ် အစကတည်းကလည်းမရှိပါဘူး။ ဒါပေမဲ့တိုင်းပြည်ကောင်းဖို့ဆိုရင်တော့ ဘယ်သူ့ကိုမဆိုကူညီရမယ်။ ဒါကျွန်တော်တစ်ယောက်တည်းထားရမယ့်စိတ်မဟုတ်ဘူး။ တစ်တိုင်းပြည်လုံးထားရမယ့်စိတ်ပါ။ ပြည်သူအားလုံးက အဲ့ဒီစိတ်မွေးရင် ကျွန်တော်တို့တိုင်းပြည် မတိုးတက်ဘူးဆိုတာမရှိပါဘူး။ ကောင်းတာလုပ်နေတာရှိရင် ၀ိုင်းလုပ်ကြ။ မကောင်းတာလုပ်နေတာရှိရင် ၀ိုင်းတားကြပေါ့။
အစ်ကိုရဲ့မိခင် (ဒေါ်စန္ဒာဝင်း)နဲ့စတွေ့တဲ့အချိန် ခံစားချက်ကိုပြော ပေးပါလား။
အမေနဲ့မတွေ့တာတောက်လျှောက်ပဲ။ ကိုးနှစ်ကျော်၊ ဆယ်နှစ်လောက်ရှိပြီ။ အမေ့ကိုစတွေ့ချင်းမှာ သနားတယ်။ အစ်ကိုနှစ်ယောက်ကကျန်သေးတယ်လေ။
အတွင်းထဲမှာကျန်ခဲ့တဲ့ ကိုကျော်နေ၀င်းနဲ့ အေးနေ၀င်းတို့ရဲ့ အခြေအနေကရော။
အစ်ကိုတွေက ကျန်းမာပါတယ်။
ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။
ကျန်ခဲ့တဲ့သူတွေလည်း အမြန်ဆုံးလွတ်ပါစေလို့ဆုတောင်းပါတယ်။


No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်