Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Monday 9 April 2012

ဗေဒါလမ်း ၂ (ကဗျာများ)





မယ့်လမ်းပါလား


ပန်းနီလာ၊ ဗေဒါဆင်သလို့

ယဉ်လှတယ်လေး။

စုန်ချည် ဆန်ချည်နဲ့

ဒီချောင်းရေ ဗေဒါလမ်းမှာ၊ တန်းစီလို့လေး။

အိုအချင်း ကျူရိုးရှင်။

မဗေဒါ ပြာလဲ့လန်း၊ ကမ်းကပ်မယ်ပြင်။

စပယ်လှ ပွင့်ဖြူစင်၊ ကမ်းခွင်ကငယ်ကျွမ်း။

သူ့လိပ်ပြာခြံအရံနဲ့

သူစံရာ သူပျော်မွေ့၊ ပြေးတွေ့ချင်စမ်း....တဲ့။

တွေ့ချင်တဲ့ စေတနာရယ်။

ငယ်ကျွမ်းဆွေ လွမ်းဝေတေးပေမို့

အေးချိုလှတယ်။

လိပ်ပြာက ၀တ်ရည်သယ်၊ စပယ်က မအား။

ပွင့်ဖူးတဝေေ၀နဲ့

ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါလား။

အိုအချင်း ကျူရိုးရှင်။

မဗေဒါ ပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်။

ဟိုအကွေ့မှာလ

ကိုရင်ဖေ့ ချစ်ရေစင်၊ ပျိုခင်ရဲ့ အနွဲ့။

ပျို့လက်မှာ မယ်ဗေဒါက

ပျို့မျက်နှာ ချစ်အုံ့ပုန်းကို၊ ပြုံးကြည့်ချင်ငဲ့....တဲ့။





မယ့်လမ်းပါတဲ့


ဒီချောင်းမှာ ရွှင်၊ ဗေဒါခင်ပြာလဲ့။
စပယ်ကို ယမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့။
ဒီချောင်းမှာ ရွှင်၊ ဗေဒါခင်ပြာလဲ့။
ပျိုမယ်ကို ယမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့။
ဒီချောင်းမှာ ရွှင်၊ ဗေဒါခင်ပြာလဲ့။
စေတီငယ် ယမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့။
လင်းယဉ်နွဲ့ တချီချီ။
ကျူရိုးရှင် သူ့စကား နားကျခဲ့ပြီ။
ကျွတ်ဆုမြတ် စလွယ်ချည်၊ ဗေဒါရီ ပြာလဲ့။
စုန်ချည် ဆန်ချည်နဲ့။
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါတဲ့။




ဘယ်ရွာဆိပ်ကမ်း

ချောင်းပြင်မှာ စီတန်းလို့
ဗေဒါပန်း ရေကြင်ဆွေ၊ မျောလို့သာနေ။
ကမ်းကွေ့မှာ ခွေ၊ ကမ်းပြေတော့ စင်း။
သည်ချောင်းရေ လေမခတ်တယ်၊ စီးတက်လေခြင်း။
ကျူရိုးရှင် ပီပီမှုတ်လို့
ဘုတ်မကို သူကပြိုင်၊ ချောင်းစပ်မှာ ထိုင်။
ဘုတ်မက တိုင်၊ ကျူတိုင်က အေး။
ရေစီးနဲ့လာ၊ ရေသာမှာ ပြန်လို့မြန်းတဲ့
မဗေဒါ စုန်ဆန်ပန်းကို၊ လွမ်းတယ်တဲ့လေး။
စုန်ပါတဲ့ ဆန်ပါ။
ကျူရိုးရှင် ပီပီကလေးနဲ့၊ တေးချိုလို့သာ။
ဘယ်မြို့ကလာ၊ ဘယ်ရွာ ဆိပ်ကမ်း။
အပွင့် အပြာရောင်နဲ့
ဘယ်သောင်မှာ နေချိုအေးလျှင်၊ မှေးအိပ်မယ်မှန်း။





မှန်းဘို့လို့ဘဲ

မဗေဒါ ဘယ်ရွာ ဘယ်စခန်းနဲ့
ဘယ်ကမ်းခြေ ဘယ်ရေဆိပ်မှာမှ၊ နေအိပ်လို့ဘဲ။
ဒီတက်လျှင်ပျော်
ဗေဒါမော် ရေကျော်ဆိုက်အောင် ဆန်လိုက်သည်ဘဲ။
မဗေဒါ ဘယ်ရွာ ဘယ်စခန်းနဲ့
ဒီကျလျှင်ရွှင်
ဗေဒါခင် ပင်လယ်ဆိုက်အောင် စုန်လိုက်သည်ဘဲ။
ဘုတ်မကအီ၊ ပီပီကသံမစဲ။
မဗေဒါ စုန်ဆန်လမ်းကို၊ မှန်းဘို့လို့ဘဲ။






တက်ချိန် နဲ့ ကျချိန်

ဗျိုင်းညီနောင်၊ အတောင်က ဖြူဖွေး။
ကမ်းစပ်ကိုကြဉ်
ကွင်းပြင်ကို စားကျက် ပြောင်းကြပေါ့
ချောင်းအောက်ခွင် ပင်လယ်ဝမှာ၊ ဒီကြွပြီလေး။
ကနန်းမ ရွံ့စိုစို၊ တကိုယ်လုံးနီတွေး။
တွင်းဝ လတာပြင်က
ခရာပင် တွယ်ကာတက်လေပေါ့
တောင်ဘက်ခွင် ပင်လယ်စွန်းမှာ၊ ဒီတွန်းပြီလေး။
ပုစဉ်းကောင်၊ အတောင်ကငွေမှေး။
ကမ်းစပ်ကျူတရုံက
သူမလုံ သူခုန်ထွက်လေပေါ့၊ ဒီတက်ပြီလေး။
ဒီတက်ချိန်တန်၊ ဆန်လေပေါ့ ဗေဒါပန်း။
ကျူရိုးရှင် ကျူတံတီး၊ ဆီးကြိုလို့လွမ်း။
ဗျိုင်းညီနောင် အတောင်က ဖြူဖွေး။
ကမ်းစပ်မှာငိုင်
သူလည်တိုင် စွေတစောင်းနဲ့
ရေတံငါ အစာချောင်းပြန်ပေါ့၊ ဒီညောင်းပြီလေး။
ကနန်းမ ရွံ့စိုစို၊ တကိုယ်လုံးနီတွေး။
လက်မတထောင်ထောင်နဲ့
တွင်းဘောင်မှာ မင်းယောင် ခင်းပြန်ပေါ့
ဒီဆင်းပြီလေး
ပုစဉ်းကောင်၊ အတောင်ကငွေမှေး
ကျူရုံမှာ သူလှုံခပြန်ပေါ့၊ ဒီကျပြီလေး။
ဒီကျချိန်တန်၊ စုန်ပြန်ပေါ့ ဗေဒါပန်း။
ကျူရိုးရှင် ကျူပင်ရွက်နဲ့၊ ခွန်းဆက်လို့လွမ်း။





ရဲခဲ့သည်ပဲ

မြစ်တန်းမှာတဲ့ လေကြမ်းဆင်
ထန်လိုက်လေ လေမုန်တိုင်း၊ လှိုင်းကဘောင်ဘင်။
တလှိုင်းထွက် တလှိုင်းငင်၊ ဗေဒါခင်ဖြစ်နဲ။
ရေလှိုင်း ဗလပွနဲ့
မုန်တိုင်းလေ ရေတရိုးမှာ၊ စိုးရွံ့မှာဘဲ။
မြစ်ရိုးမှာတဲ့ မိုးသက်ဆင်
လျှပ်ကြိုးပျံ မိုးသံထစ်၊ မိုးစစ်ဘုရင်။
မိုးညစ်လို့ မြစ်မမြင်၊ ဗေဒါခင်ဖြစ်နဲ။
ရေလှိုင်း ဗလပွနဲ့
မိုးသက်လေ ရေတရိုးမှာ၊ စိုးရွံ့မှာဘဲ။
စိုးမရွံ့ တွန့်မတုန်
မိုးနှင်လေ ရေရှုပ်ထွေး၊ ရွေးမျှမဖြုံ။
ဆန်လိုက်ပြန်တုံ၊ စုန်လိုက်ပြန်ရ
ခေါက်ပေါင်း မရေနိုင်လို့
ဗေဒါခိုင် သည်မြစ်ထဲ၊ ရဲခဲ့သည်ပါ့။





တေးစုံနဲ့ဘဲ

တီတာတာ
ကညာမေဘုတ်က၊ ရွှေနှုတ်ချိုသွေး။
ကျူရိုးရှင် ပီပီနွဲ့၊ လွမ်းမယ်ဘွဲ့တေး။
ပဒေသာ
ထေရ်ဝါ ရည်စူးလို့၊ လှေဦးမှာလေး။
ကျူရိုးရှင် ပီပီနှော၊ စည်ဗြောသံတေး။
သောင်အခြေ
ခေါင်ရေ လေမြူးတော့၊ ရေရူးတွေဖွေး။
ကျူရိုးရှင် ပီပီဟိန်း၊ ဗိန်းမောင်းသံတေး။
အကောင်သေ
တောင်လေ ရေတက်တော့၊ ရေယက်နဲ့ထွေး။
ကျူရိုးရှင် ပီပီညှင်း၊ ငိုချင်းသံတေး။
တက်မကူ
ရွက်ဖြူ ပူဖောင်းနဲ့၊ လှေလောင်းကိုလေး။
ကျူရိုးရှင် ပီပီပျိုး၊ ဘွဲ့ကြိုးသံတေး။
ပြူ့တပြူ
မြေငူဓနိကျွန်း၊ သောင်ထွန်းပြီလေး။
ကျူရိုးရှင် ပီပိနော့၊ သားချော့သံတေး။
တေးမျိုးရယ်စုံ၊ ကုန်နိုင်ပါလေဘဲ။
မဗေဒါ စုန်ဆန်မြဲ၊ တေးစုံနဲ့ဘဲ။





မျောလိုက်သာဘဲ

လေပြင်းငယ်ပွေ၊ လေပြေလျှင် လဲ။
ချောင်းကျယ် ဘယ်မငြင်း၊ ချောင်းကျဉ်းလျှင် လဲ။
နေပူတုန်းခါ၊ မိုးရွာလျှင် လဲ။
လသာသာ ပျိုအိုကြိုက်၊ လမိုက်လျှင် လဲ။
အဖော်ငယ်စုံ၊ ဖော်မစုံလျှင် လဲ။
စုံပြန်ရ အဖန်ဖန်၊ ဆန်ပြန်ရ တလဲလဲ။
မဗေဒါ ဒီရေကြောမှာ၊ မျောလျက်သာ ဘဲ။






စုန်ဆန်ရ တရား

ပန်းပါဘိ ဒေါဆွေ
ကျူရိုးရှင် ပီပီကလေး၊ တေးသံက ဝေ။
စုန်ဆန်ရ တပေပေ၊ ဒီရေနယ်တကျေး။
ဒီချောင်းရေ ဗေဒါလမ်း၊ ပန်းဘွယ်တဲ့လေး။
အိုအချင်း ကျူရိုးရှင်။
နေသာမှာ ရွာရဟန်း၊ ဆွမ်းခံကြွဝင်။
ထန်းတဖျား နေကိုမြင်၊ ရွာပြင်ကတံတား။
ဆွမ်းခံပြန် ရွာကိုရှား၊ နေ့တိုင်းပါလား။
အိုအချင်း ကျူရိုးရှင်။
ဟင်းရွက်စုံ နှစ်ပုံထပ်၊ လောင်းစပ်မှာတင်။
ဈေးသမား မယားလင်၊ တစ်ရွာဝင် တစ်ရွာသွား။
အိမ်အပြန် ပုဇွန်ငါး၊ နေ့တိုင်းပါလား။
ဒီတက်တော့ သူထက်သန်။
ဒီကျတော့ သူရွှင်လန်း၊ တန်းစီလို့ပြန်။
အလဲလဲ အဖန်ဖန်၊ စုန်ဆန်ရတရား။
ဗေဒါဆွေ ဒီရေသွား၊ မြင်ထားလို့လား။






ပန်းပန်လျက်ဘဲ

ညိုပြာပြာ၊ လတာပြင် ခြေရင်း။
လှိုင်းတက်ရာ ဗေဒါတက်၊ လှို်င်းတက်ရာ ဆင်း။
ဆင်းရလဲမသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့သာ။
အဆင်းနဲ့ အလာ၊ ဗေဒါမအတွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ။
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ။
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ။
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လဲ မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ မဗေဒါက တပင်တဲ။
အယက်အကန်ခံလို့။
ဗေဒါပြန် အံကိုခဲ၊ ပန်းပန်လျက်ဘဲ။





တွေးမိပါစ

ဗေဒါတဲ့ ဗေဒါ
ဒီချောင်းမှာ အမည်မွှေး၊ အေးငြိမ်းသာယာ
မွှေးသမျှ ပြန်တစ်ရာ၊ ခံစရာအရေး
အတိုက်ခံနိုင်မှ အမွှေ့ခံနိုင်မှ
ထိုးဝါးကိုင် ဒီဆိုင်ဝဲတဲ့
ရွှေဘဲရန် စုန်ဆန်လမ်းမှာ
ရမ်းတက်တယ်လေး။
မွှေးမှာလဲ မဟုတ်ပါ
ရိုးတံရှင် ပဲ့တင်ထပ်၊ ချောင်းရပ်ဧရာ
စုန်ဆန်ရ လမ်းတကာမှာ၊ လမ်းမသာ ရှာကြ
တစိုက်စိုက်ကယ်နဲ့
အတိုက်ကို အကြိုတွေ့ပါလို့
အမွှေ့ဒဏ်ခံနေကြ၊ တွေးမိပါစ





စိုင်းအုံးမှာလား


ပင်လယ်ဝဆီက၊ ဒီတက်စ လှိုင်းဘောင်ဘင်
မဗေဒါ တဟုန်ထိုး၊ ချောင်း ရိုးကိုဝင်။
မိုးမမြင် လေမမြင်၊ ပန်းဆင်ချင်လေတိုင်း
ရေထဦးပေမို့
စိတ်ကူးယဉ် ယဉ်လေတိုင်း၊ ပန်းဆင်ရာစိုင်း။
အထက်ချောင်းကျတော့၊ ဒီညောင်းစ ချောင်းရေသာ
မဗေဒါ ကိုယ်ရှိန်သတ်၊ လှမ်းတက်နိုင်ပါ။
စိုင်းခဲ့တဲ့ ခရီးတာမှာ၊ သာနာစုံပုံခဲ့
ရေသင်ဖြူးပေမို့
ပွင့်ဖူးစုံ ငုံတံနဲ့၊ ပန်းမူရာနွဲ့။
ပန်းအလှ မဗေဒါ…..တဲ့။
ကျူရိုးရှင် ပီပီကလေး၊ တေးသံကသာ။
ပင်လယ်ဝဆီက
ဒီရေကျ ခွန်းစလာ၊ လွမ်းစရာပါတကား။
မိုးမမြင် လေမမြင်နဲ့
ထီင်္မထင် စုန်ချင်တိုင်း၊ စိုင်းဦးမှာလား။






ဆိုင်ခင်းလျက်ဘဲ


အညာလှေ
အညာမြေ ကုန်ရောင်းဘို့၊ ဒီချောင်းမှာနား။
ထန်းလျက်ခဲရယ်နဲ့
ပဲမျိုးစုံ ကြုံလေခိုက်၊ ၀ယ်လိုက် ပါလား…..တဲ့။
တံငါလှေ
တံငါမြေ ကုန်ရောင်းဘို့၊ ဒီချောင်းမှာနား။
ပုဇွန်ကျားရယ်နဲ့
ငါးမျိုးစုံ ကြုံလေခိုက်၊ ၀ယ်လိုက်ပါလား…..တဲ့။
ကမ်းစပ်မှာမြှောင်
အိုးဖောင် ကုန်ရောင်းဘို့၊ ဒီချောင်းမှာနား။
ရာဝင်အိုးရယ်နဲ့
အိုးမျိုးစုံ ကြုံလေခိုက်၊ ၀ယ်လိုက်ပါလား…..တဲ့။
ခယင်ဝါးရယ်နဲ့
ဝါးမျိုးစုံ ကြုံလေခိုက်၊ ၀ယ်လိုက်ပါလား…..တဲ့။
ဒီလမ်းဟာ ပန်းဗေဒါ။
ဆန်ရေ စုန်ရေနဲ့
ထုံပေပေ သူမနား၊ သွားရခါခါ။
ပါပါစရောင်းစရာ၊ ပါရှာဘု သူတို့နဲ။
အပြာမှာ အ၀ါကွက်ကယ်နဲ
အတက်မှာ သူရွှင်ပျပေမယ့်၊ ကျလဲလေ သူမငြင်းရှာဘု
ဒီချောင်းရေ ကောက်တစ်စင်းမှာ
ဆိုင်ခင်းလျက်ဘဲ






ချောင်းရဲ့အလှ

ကျူရိုးရှင် မနေတက်လို့၊ ရေစပ်ကိုတဲ့ ဆင်းလို့လာ။
မဗေဒါစုန်ဆန်မျော၊ မောတဲ့နေရာ။
ကျူရိုးရှင့် ၀ါသနာ၊ ကဗျာနွဲ့ ချိုတေး။
ဆန်မကုန် စုန်မခန်းမှာ၊ ပန်းရှာလိမ့်လေး…..တဲ့။
အိုအချင်း မင်းပီပီ။
ရေပြည့်မှာ ဗေဒါပန်း၊ ကမ်းနဲ့အညီ။
ဆန်လိုက်ကြ စ်ီရရီ၊ တချီချီတကြွကြွ။
သက်ရေမှာ မြင်နေကျ၊ ချောင်းရဲ့အလှ။
တက်ရေနဲ့ သက်ရေနယ်။
ဆန်မကုန် စုန်မဆုံး၊ လုံးပတ်ချာလယ်။
ဗေဒါမ ခရီးသယ်၊ ပန်းရှာမယ်ဆိုရင်လဲ။
ဒီချောင်းမှာ အလှဖွား၊ ပွား ခဲ့ပြီဘဲ။






သူ့လမ်းစဉ်


ကမ်းစပ်ကိုမင်
လမုပင် အခြေကြီးနဲ့၊ အသီးတွေဖြိုး။
ကမ်းခြေကို ဒီရေတိုး၊ ပြိုလဲမှာစိုး။
ကမ်းစပ်ကိုမင်
ဓနိပင် ယိုင်ငိုက်လို့၊ ခိုင်လိုက်ကယ်ဖြိုး။
ဓနိခိုင် အလယ်ထဲက၊ ခွဲရမှာစိုး။
ကမ်းစပ်ကိုမင်
လတာပြင် ငပျံလူးလို့၊ ပျော်မြူးကြရိုး။
ဒီတက်လျှင် လတာနုံး၊ ဒီဖုံးမှာစိုး။
စိုးပါဘု သူ့မူရာ။
ချောင်းတစ်ခွင် ပင်လယ်ဝက၊ ပန်းလှဗေဒါ။
ဆန်တက်ချိန်မှာ၊ စုန်လာနိုင်ပါဘိ။
သူ့လမ်းစဉ် သူမြင်ရဲ၊ သူစွဲတက်ဘိ။





ချောင်းလှဘို့ကို

ဒီချောင်းမှာသာ၊ ကြာပါပေါ့လား။
မဗေဒါ ပြာနွဲ့နှောင်းငဲ့
ချောင်းတန်တန် ရေငန်ရပ်မှာ၊ စွဲတက်နိုင်အား။
သူ့စိတ်နဲ့ သူ့ကိုယ်။
ချောင်းတခွင် မြင်သမျှ၊ ချောင်းလှဘို့ကို။
ဘုတ်မက ချိုချင်ချို၊ ဗျိုင်းညိုက အောက်ချင်အောက်။
အုန်းညီနောင် စောင်းချင်စောင်း
ချောင်းကောက်ချင်ကောက်
သူ့လမ်းနဲ့ သူ့အမြင်။
ချောင်းဒီရေ နေသမျှ၊ ချောင်းလှဘို့ပင်။
ချောင်းဖျားကထက်တစ်ခွင်၊ ပင်လယ်က အောက်တလွှား
စုန်ချည် ဆန်ချည်နဲ့
တလှည့်စီ ဒီသဘော၊ မျောကြမနား
ဒီချောင်းမှာသာ၊ ကြာချင်လှလေး။
ကျူရိုးမောင် ရွှေယောင်စောင်းငဲ့
ချောင်းတန်တန် ရေငန်ထဲ၊ စွဲချင်လှလေး။






ဗေဒါနှင့်ကျူပင်


မဗေဒါ၊ ဆန်လာပေါ့ အပြင်း။
ချောင်းကျယ်ကျယ် အလယ်ကျွန်း၊ ရေမွန်းလိုက်ယင်း။
ဗေဒါတွေ၊ စုန်ရေနဲ့ ပြန်ဆင်း။
ချောင်းကျယ်ကျယ် အလယ်ကျွန်း၊ သောင်ထွန်းလိုက်ယင်း။
မဗေဒါ၊ ဆန်လာပေါ့ အတင်း။
နုံးနှစ် လတာပြင်က
ညောင်ညိုပင် မြစ်ပါးပျဉ်း၊ ပုန်းရပြန်ယင်း။
ဗေဒါဆွေ၊ စုန်ရေနဲ့ ပြန်ဆင်း။
နုံးနှစ် လတာပြင်က
ညောင်ညိုပင် မြစ်ပါးပျဉ်း၊ ခေါင်းဖော်လိုက်ယင်း။
ကျူပင်ရိုးမှာတော့၊ ယိမ်းထိုးရ တခါခါ။
မဗေဒါ စုန်ဆန်မျော၊ မောတဲ့နေရာ။
လွှဲလိုက်ရ ဘယ်နဲ့ညာ၊ ရိုးတံညှာ ရွက်စိမ်း။
မနိုင်တနိုင်နဲ့
ယိုင့်တယိုင် ဒီရေစီးကို၊ သည်းခံလို့ယိမ်း။
ပွင့်ဖူးတံချီ

အပြာမှာ ဗေဒါကွက်ကယ်နဲ့၊ ၀ိုင်းစက်စက် ရွက်ငယ်ရှင်။
မဗေဒါ ပင်လယ်အောက်က၊ ချောင်းပေါက်ကိုဝင်။
ချောင်းတလျှောက် မယ့်လမ်းစဉ်၊ ယဉ်ပေစွတကား။
ဗေဒါဆွေ ဒီရေထဲမှာ၊ ရဲပေစွတကား။
ရေဆိပ်မှာတဲ့ ညံစီစီ။
ပျိုလေးတွေ လက်တကမ်း၊ ပန်းဆန်ခဲ့ပြီ။
လှမ်းကြပေါ့ မီ့တမီ၊ ကံသီလို့….တကတဲ။
ဗေဒါပျံ ကံကကြီး၊ ရေစီးကြောင့်လွဲ။
ခရုပတ် ၀ဲငယ်ငယ်။
ဗေဒါဆွေ ဒီရေကွေ့မှာ၊ ပြေးတွေ့ရတယ်။
မဖြစ်လို့နှစ်တွယ်တွယ်၊ ၀ဲလယ်က အနွဲ့။
မဗေဒါ ပတ်ချာလှဲ့၊ လွှဲထွက်နိုင်ခဲ့။
လောင်းစပ်ကခတ်တက်ပြင်။
ရေဆန်မှာ စုန်မဆိုင်း၊ လှိုင်းယက် ပန်းဆင်။
လှေဦးက ဘီလူးဝင်၊ လျှင်နိုင်မှ လွတ်မြဲ။
ဗေဒါပျံ လှေနံယိမ်း၊ တိမ်းခဲ့သည်ဘဲ။
ချောင်းဖျားက ငါးငပျံ။
လတာရောင် အကောင်သေး၊ မှေးလိုက်ခဲ့ပြန်။
ဗေဒါက ဖောင်သဏ္ဍန်၊ ငါးပျံက ဖောင်စီး။
ပြာဝါရောင် ဘယ်မညှိုး၊ ပိုးခဲ့ မညည်း။
တက်ရေမှာ ဆန်၊ ကျပြန်တော့ စုန်ဆင်း။
ပွင့်ဖူးတံ တချီချီနဲ့
ဗေဒါရီ ဒီရေကြောမှာ၊ မျောတက်လေခြင်း။






ချောင်းတခွင်

ပွင့်ဖူးတံ ချီ၊ ဗေဒါရီ တမိ။
ချောင်းတခွင် သူဆန်သွား၊ ချောင်းဖျားအထိ။
တရွာကိုကျော်၊ တခေါ်လောက် စခန်း။
မဗေဒါ ဆန်တန်ချောင်း၊ ကျောင်းနဲ့ နတ်လမ်း။
နတ်လမ်းကိုကျော်၊ တခေါ်လောက် စခန်း။
မဗေဒါ ယာဘက်ဘေး၊ တဲ လေးအိမ်တန်း။
လေးအိမ်ကို ကျော်၊ တခေါ်လောက် စခန်း။
မဗေဒါ မယ့် လက်ဝဲ၊ ကျွဲ စားကျက်တန်း။
စားကျက်ကို ကျော်၊ တခေါ်လောက် စခန်း။
မဗေဒါ ၀ဲယာလိုက်၊ တော ဗျိုက်ဖြူတန်း။
ဗျိုက်တောကို ကျော်၊ တခေါ်လောက် စခန်း။
မဗေဒါ ပတ်ချာဝိုင်း၊ ကိုင်း မြက်ရှည်တန်း။
ရောက်ပြန်လျှင် ပျော်၊ ကျော်ပြန်တော့ သူလွမ်း။
ရောက်တိုင်း တပျော်ပျော်နဲ့
ကျော်တိုင်းသာ သူ့မှာလွမ်း၊ ချောင်းဗေဒါ လမ်း။





တင်းရပုံဘဲ

ဖူးတံက ညိုတိုတို။
စုန်ရေ ဆန်ရေနဲ့
ဗေဒါတွေ ရေအလှ၊ ချောင်းမတခို။
ရေငန်နဲ့ ရေချို၊ ဥဒဟို မစဲ။
နေ့မရှောင် ညမအား၊ နားရရှာဘဲ။
နားချင်လို့ ခါတရံ။
မဗေဒါ ရွာသူပန်းပေမို့၊ ကမ်းကပ်မယ်ကြံ။
အစုန်မှာ ကပ်ရပြန်၊ အဆန်မှာ ခွာရမြဲ။
အဆန်မှာ ကပ်လျှင်လဲ၊ စုန်ဆင်းတော့ ခွဲ။
ကပ်ပြန်ရ ၀မ်းမသာ၊ ခွာပြန်ရ ၀မ်းမနဲ။
မဗေဒါ စုန်ဆန်ရင်း၊ တင်းရပုံဘဲ။

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်