Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Tuesday 10 April 2012

အမေစုရဲ့ မိန့်ခွန်းများထဲမှ အနှစ်သက်ဆုံး မိန့်ခွန်း


ကျွန်မတို့ဒီနေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (23) နှစ်မြောက်မွေးနေ့ဟုဆိုရမှာပေါ့နော် ခုကြွရောက်လာတဲ့ပရိသတ်အားလုံးကို ကျွန်မက ကျေးဇူးတင်ပါတယ်။
ကြိုလည်း ကြိုဆိုပါတယ် ကျွန်မတို့ (23)နှစ်ဆိုတာ နည်းတဲ့ အချိန်မဟုတ်ပါဘူး အချိန်ကာလတွေကိုအကြမ်းဖျင်းအားဖြင့်ကျွန်မကတော့ အတိတ်ရယ်ပစ္စုပ္ပန်ရယ်နောင်လာမယ့် အနာဂတ်ရယ်လို့ မြင်ပါတယ် ကျွန်မတို့ဟာ ပစ္စပ္ပန်မှာရောက်နေတဲ့အခါ အတိတ်ကို မှန်မှန်ကန်ကန် ရဲရဲဝံဝံကြည့်နိုင်ရမယ် အတိတ်ရဲ့ဖြစ်ပျက်တွေကိုသင်္ခန်းစာယူရမယ်ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက်အကျိုးရှိအောင်အသုံးချတတ်ရမယ်၊ တစ်ချိန်တည်းမှာပင် ကျွန်မတို့က အတိတ်ရဲ့ချုပ်နှောင်မှုကို မခံရအောင်နေနိုင်ရမယ် ဒါမှလည်းကျွန်မတို့က ပစ္စုပ္ပန်မှာ မှန်မှန်ကန်ကန်နဲ့ ဆက်ပြီးသွားနိုင်မှာဖြစ်ပါတယ်။ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို စပြီးထူထောင်ကတည်းက ကျွန်မတို့ဟာ ညီညွတ်ရေးရယ် စည်းကမ်းရှိရေးရယ် သတ္တိရယ်ကို အမြဲပဲရှေ့တန်းတင်ပြီးပြောခဲ့ပါတယ် ဒီသုံးခုစလုံးဟာ လိုအပ်တဲ့ အရာတွေပါ ကျွန်မတို့ ညီညွတ်ရေးဆိုတာကတော့ ဆရာကြီးဦးဝင်တင် ပြောပြီးသွားပါပြီ၊ ကျွန်မထက်ပြီးထူးထူးထွေထွေပြောစရာမလိုတော့ပါဘူး စည်းကမ်းရှိရမယ် ၊ ညီညွတ်မှုဆိုတာဟာလည်း စည်းကမ်းနဲ့ထိန်းချုပ်ရတာဖြစ်ပါတယ် စည်းကမ်းမရှိဘဲ ညီညွတ်တယ်ဆိုတာဟာ ဖြစ်လေ့ဖြစ်ထမရှိပါဘူး ဒီစည်းကမ်းဘောင်အတွင်းမှာလုပ်တဲ့သူတွေကသာ ညီညီညွတ်ညွတ်နဲ့လုပ်နိုင်တာများပါတယ် ဒါကြောင့်မို့ စည်းကမ်းနဲ့ညီညွတ်မှုဆိုတာဟာဒွန်တွဲပြီးသွားတယ်လို့ ကျွန်မကတော့ မြင်ပါတယ်၊ သတ္တိဆိုတာတော့ အမျိုးမျိုးရှိပါတယ် ကျွန်မတို့ဟာ ခံရဲတဲ့သတ္တိဆိုတာလည်းရှိတယ် လုပ်ရဲတဲ့သတ္တိဆိုတာလည်းရှိတယ် အသစ်အဆန်းကို ရင်ဆိုင်ရဲတဲ့သတ္တိ ဆိုတာလည်းရှိတယ် အသစ်အဆန်းအတွေးအခေါ်တွေကိုသုံးသပ်ပြီးလက်ခံသင့်တာကို လက်ခံရဲတဲ့ သတ္တိဆိုတာလည်းရှိပါတယ် ဒါကြောင့် သတ္တိဆိုတာ အမျိုးမျိုးပါ ကျွန်မတို့ဟာ ဒီသတ္တိအမျိုးမျိုးကို ( 23)နှစ် တစ်လျှောက်လုံးမှာ လုပ်ခဲ့ရပါတယ် အခုလည်း ဆက်ပြီးတော့ဒီလိုသတ္တိနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ အနာဂတ်ကို ရင်ဆိုင်ရဲတဲ့သတ္တိဆိုတာဟာ ပစ္စုပ္ပန်နဲ့အတိတ်ကို ရဲရဲဝံဝံကြည့်နိုင်မှ ဖြစ်ပေါ်လာမှာပါ အတိတ်နဲ့ပစ္စုပ္ပန်ကို ရဲရဲဝံဝံမကြည့်နိုင်တဲ့သူတွေဟာ အနာဂတ်ကို ရင်ဆိုင်နိုင်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး ကျွန်မတို့ဟာ တစ်လျှောက်လုံးသတ္တိကို လိုအပ်ခဲ့သူတွေဖြစ်ပါတယ် ဆရာဦးဝင်တင်ပြောခဲ့တဲ့ အတိုင်းဘဲ အင်မတန်မှ ခံခဲ့ရတဲ့ အဖွဲ့ချုပ်ပါ ၊ ကျွန်မတို့ အဖွဲ့ချုပ်ဝင်တွေဟာ အမျိုးမျိုးဒုက္ခသုက္ခတွေကို ခံခဲ့ရပါတယ် ဒါပေမယ့် ဒီလိုခံခဲ့ရတဲ့နေရာမှာ ကျွန်မကတော့ တစ်ခုတော့ သတိပေးခဲ့ချင်ပါတယ် ကျွန်မကိုယ်တိုင်ကလည်း ဒီလိုခံခဲ့တာကို နစ်နာခံတယ်လို့ စိတ်ထဲမှာ မထားပါဘူး ဒီလိုဘဲ ကျွန်မတို့ အဖွဲ့ချုပ်ဝင်တွေဟာ တကယ်ပဲ ပြည်သူအကျိုးအတွက် တိုင်းပြည် အကျိုးအတွက် ကျွန်မတို့ယုံကြည်ချက်အတွက်လုပ်နေတယ်ဆိုရင် အနစ်နာခံရတယ်ဆိုတဲ့အတွေးကို စိတ်ထဲမှာ မထားစေချင်ပါဘူး ဘာဖြစ်လို့လည်းဆိုတော့ အနစ်နာ ခံရတယ်လို့စိတ်ထဲကပေါ်လာလို့ရှိရင် တစ်ခါတစ်လေ ဒီစိတ်နဲ့ ဒွန်တွဲပြီးတော့ ကလဲ့စားချေချင်တဲ့စိတ်တွေ မကျေနပ်တဲ့စိတ်တွေတစ်ခါတည်းပေါ်လာတတ်ပါတယ် ကျွန်မကတော့ ကျွန်မရွေးတဲ့ လမ်းကြောင်းကိုလျှောက်ခဲ့တယ် ကျွန်မကတော့ ကျေနပ်တယ် ခံရတာ ကျွန်မရဲ့ရွေးချယ်မှုအရကျွန်မခံရတယ်အနစ်နာခံရတယ်လို့ ကျွန်မ ဒီလိုမမြင်ပါဘူး။ ဟို... ရှေးရှေးတုန်းကဆိုရင် ခေါမတိုင်းမှာ သူတို့ယဇ်ပူဇော်တဲ့ အလေ့အထရှိခဲ့ပါတယ် အဲဒီတုန်းက သူတို့ ဟာ အယူအဆတစ်ခုဘယ်လိုရှိခဲ့သလဲဆိုရင်သူတို့ ယဇ်ပူဇော်တယ်ဆိုတာ တစ်ခုခုအောင်မြင်ချင်လို့ပူဇော်ကြတာများပါတယ် အဲဒီလို ယဇ်ပူဇော်တယ်ဆိုရင် သူတို့က တိရစ္ဆာန်တွေကိုပူဇော်တာများပါတယ် အပူဇော်ခံရတဲ့သတ္တဝါက လိုလိုလားလားနဲ့အပူဇော်ခံမှ သူတို့ရဲ့ရည်ရွယ်ချက်အောင်မြင်တယ်လို့သူတို့ ဒီလိုဘဲ အတွေး အခေါ်ရှိကြပါတယ် ဒါအရင်တုန်းကရှေးကျပြီးတော့ အခုခေတ်နှင့် မညီတဲ့ အပြုအမူပေါ့နော် ဒါပေမယ့် အဲဒီအတွေးရဲ့နောက်က အတွေးအခေါ်ကို ကျွန်မအင်မတန်သဘောကျတယ် ကိုယ်ကလိုလိုလားလား ကိုယ့်ကိုယ်ကိုပေးရမယ် ကိုယ်လုပ်နေတဲ့ အလုပ်အတွက် ကိုယ်ကလိုလိုလားလားနဲ့ပေးဆပ်ရမယ် ငါကလုပ်ရချည်ရဲ့ ငါက ဘယ်လောက်ကို အနစ်နာခံရချည်ရဲ့ဆိုတဲ့စိတ်တွေဆိုရင် လိုလိုလားလားနဲ့ပေးဆပ်ခြင်းမဟုတ်တော့ဘူး အကြွေးတောင်းချင်တဲ့စိတ်ကလေးတွေနည်းနည်းပါလာနိုင်တယ်လို့ ကျွန်မကတော့မြင်ပါတယ်ကိုယ်ကို ဒါကြောင့် ကျွန်မတို့အားလုံးဟာ ဆက်ပြီးသွားကြတဲ့ အခါမှာကျွန်မတို့လုပ်တာမှန်သမျှဟာ ယုံကြည်ချက်အရ လုပ်တာဆိုတာမမေ့သင့်ပါဘူး ကိုယ်ယုံကြည်ချက်နဲ့ကိုယ်လုပ်တာပါ အမျိုးသားဒီမိုကရေစီအဖွဲချုပ်ထဲမှာ ဘယ်သူကမှအတင်း ဝင်ပါဆိုလို့ဝင်လာတဲ့သူတစ်ယောက်မှ မရှိပါဘူးကိုယ်ရဲ့ဆန္ဒအရသာ ၀င်ကြတာပါ ဆန္ဒအရ မနေချင်တဲ့သူတွေထွက်သွားနိုင်တယ် ထွက်လည်းထွက်သွားတဲ့သူတွေလည်းရှိပါတယ် ဒါကြောင့်မို့လို့ ဆက်ပြီးတော့လုပ်နေတယ်ဆိုရင် ကိုယ်ဟာ ကိုယ့်ရဲ့ယုံကြည်ချက်အရ လုပ်နေတာဘဲဖြစ်တယ် ဒါကြောင့်မို့လို့လိုလိုလားလားနဲ့ ကိုယ်ရဲ့လုပ်ပိုင်ခွင့်တွေနဲ့ကိုယ်ရဲ့အင်အားတွေကို ကိုယ်ယုံကြည်တဲ့အရေးအတွက် သုံးကြပါလို့ကျွန်မဆော်သြချင်ပါတယ် ဒီလိုဘဲ ကျွန်မတို့သုံးသွားလို့ရှိရင် မအောင်မြင်စရာအကြောင်းမရှိပါဘူး အောင်မြင်မှုဆိုတာလွယ်လွယ်နဲ့ ရတာမဟုတ်ပါဘူး လွယ်လွယ်နဲ့ရတဲ့အရာဆိုတာဟာလည်း တကယ်တန်ဘိုးရှိတတ်တာ မဟုတ်ပါဘူးတကယ်တန်ဘိုးရှိတဲ့ အရာအတွက်ဆိုရင် ကျွန်မတို့ အင်မတန်ရုန်းကန်ရပါတယ် အင်မတန်ပေးဆပ်ရပါတယ်ပေးဆပ်ခြင်းဆိုတာ ကျွန်မတို့ ပူဇော်ခြင်းလို့ဘဲ စိတ်ထဲမှာထားလိုက်ပါ ကျွန်မတို့ရဲ့ ယုံကြည်ချက်အရပူဇော်လိုက်တာ ဘယ်သူကမှ အတင်းပေးဆပ်ရမယ်ပြောလို့ပေးဆပ်တာ မဟုတ်ပါဘူး ဒီလိုစိတ်ဓာတ်တွေနဲ့ကျွန်မတို့ဆက်ပြီးသွားမယ်ဆိုရင် ကျွန်မတို့မုချအောင်မြင်ရမယ်ကျွန်မဒါကို လုံးဝ သံသယမရှိဘူး မြန်မလား နှေးမလားဆိုတာတော့ ကျွန်မမပြောနိုင်ဘူး ကျွန်မဒါတွေ မတွက်တတ်ဘူး မတွက်တတ်ဘဲနဲ့မှန်းပြီးတော့ မှန်းခြေနဲ့လည်း ကျွန်မမပြောချင်ဘူး ဒါပေမယ့်လည်း အမြန်ဆုံးတော့ ပြည်သူလူထု လိုချင်တဲ့ လူ့အဆောက်အဦတစ်ခုဖြစ်အောင်လို့ ကျွန်မတို့ ကြိုးစားပြီးတော့ ဆောက်တည်သွားမှာ ဖြစ်ပါတယ် အဲဒီလို လုပ်တဲ့အခါမှာ ကျွန်မတို့ ရဲ့ အဖွဲ့ချုပ်ဝင်တွေ နဲ့ တခြားဒီမိုကရေစီ လိုလားတဲ့ အစုအဖွဲ့ တွေဟာ ညီညီညွတ်ညွတ် ရဲဘော်ရဲဘက်စိတ် အပြည့်အဝနဲ့ လက်တွဲပြီး တော့ လုပ်သွားမယ်ဆိုရင် ကျွန်မတို့ဟာ လိုချင်တဲ့ ပန်းတိုင်ကို အမြန်ဆုံး ရောက်မယ်လို့ ထင်ပါတယ် စောစောကဆိုရင် ဆရာ ဦးဝင်းတင်က ကျွန်မရဲ့ ခေါင်းဆောင် အဖြစ် ခံယူပါတယ်ဆိုတော့ထပ်တလဲလဲ ပြောသွားတော့  နည်းနည်းတော့ မျက်နှာပူသလိုပဲ ဒါပေမယ့် တာဝန်ဆိုတာ ကျရောက်လာရင် ထမ်းဆောင်ရမှာပဲ ဒီလိုဦးဆောင်တဲ့ တာဝန်ဆိုတာ လိုချင်လို့လည်း ရတာမဟုတ်ပါဘူး မလိုချင်လို့လည်း ဖယ်လို့ရတာမဟုတ်ပါဘူး တာဝန်ဆိုတာ တာဝန်ပဲ ကိုယ်လိုချင်မှ လုပ်တယ်ဆိုတာ တာဝန်မဟုတ်တော့ဘူး အဲဒါကတော့ စိတ်ကို အလိုလိုက်ခြင်းပဲ တာဝန်ဆိုတာ မလုပ်ချင်လဲ လုပ်ရမယ် ဘယ်လိုပဲ ကိုယ့်အတွက် ပင်ပန်းပင်ပန်း ဆက်ပြီးတော့ လုပ်ရမယ် တာဝန်အရ ကျွန်မကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကို ကြိုးစားပြီးတော့ ဦးဆောင်သွားမှာ ဖြစ်ပါတယ် ဒါပေမယ့် တာဝန်ကျေပွန်ဖို့ဆိုတာ ကျွန်မကို အားလုံးဝိုင်းဝန်းပြီးတော့ ကူညီဖို့ လိုပါတယ် တစ်ယောက်တည်း လုပ်လို့ရတဲ့ စိတ်ဝင်ပြီဆိုကတည်းက ဒီမိုကရေစီနဲ့ ဘာမှမဆိုင်တော့ဘူးဆိုတာ ခေါင်းထဲမှာ ထည့်ထားစေချင်တယ် ကျွန်မ အနေနဲ့ တစ်ယောက်ထဲ လုပ်သွားလို့မဖြစ်နိုင်ပါဘူး ဒါ့ကြောင့် အားလုံးကနေပြီးတော့ အခု လျှောက်ခဲ့တဲ့ ခရီးမှာ ကျွန်မတို့အပေါ် ရဲဘော် ရဲဘက်စိတ် အပြည့် အဝနဲ့ သစ္စာရှိရှိ အတူတွဲပြီးတော့ လုပ်ခဲ့တဲ့သူတွေက ကျွန်မတို့ကိုဆက်ပြီးတော့ ကူညီပါ ဆက်ပြီးတော့ ကျွန်မတို့နဲ့ အတူ ပူးပေါင်းဆောင်ရွက်ပါ နောက်ပြီးတော့ ဆရာဦးဝင်းတင်ပြောသလို မေးခွန်းတွေလည်း အများကြီးထုတ်ကြပါ မေးခွန်းဆိုတာ အမြဲထုတ်ရမယ် ကျွန်မကပြောတယ် ကျွန်မတို့ပြည်သူတွေက မေးခွန်း မထုတ်တတ်ကြဘူး လုပ်ရင်ခံလိုက်တာပဲ ဒါဘာဖြစ်လို့ လုပ်ရတာလဲ လုပ်နေတဲ့သူက လုပ်ပိုင်ခွင့်ရှိသလား ဒါဘာ့ကြောင့်မို့လို့ခံရမှာလဲ မေးခွန်းက ထုတ်ရမယ် ဘာမှပြန်မလုပ်သည့်တိုင်အောင် ပထမဆုံး မေးခွန်းက ထုတ်ကိုထုတ်ရမယ် မေးခွန်းထုတ်ပြီးတော့မှ အဲဒီမေးခွန်းရဲ့ အဖြေအရ ကိုယ်လုပ်သင့် လုပ်ထိုက်တာကို လုပ်ရမယ် အဲဒီတော့ ကျွန်မတို့ အနေနဲ့လည်း ကျွန်မတို့ ဘာလုပ်လုပ် တကယ်အဓိကကျတဲ့ အရေးကြီးတဲ့ ခြေလှမ်းတွေကို လှမ်းပြီဆိုရင် ကျွန်မတို့ အဖွဲ့ချုပ်ဝင်တွေအနေနဲ့ ပြည်သူလူထုကို မတိုင်ပင်မရှင်းပြဘဲ ကျွန်မတို့ ဘာမှ မလုပ်ပါဘူး ဒါဟာ ဒီမိုကရေစီရဲ့ တာဝန်တစ်ခုပါ၊ ဒီမိုကရေစီရဲ့ အနှစ်သာရဟာ ပြည်သူလူထုကို ကိုယ်ကနေပြီးတော့ကိုယ်လုပ်ချင်တာ ကိုယ်ဖြစ်စေချင်တာတွေကို လက်ခံလာအောင် ဆွဲဆောင်နိုင်ရမယ် အတင်းအဓမ္မလုပ်ခိုင်းလို့ မရဘူး ဒီလိုပဲ ကျွန်မတို့ ဒီမိုကရေစီလမ်းကို ဆက်ပြီးတော့ လျှောက်သွားတဲ့ အခါမှာ ခြေလှမ်း အသစ်တစ်ခု လှမ်းရင်းလှမ်းရင်း ကျွန်မတို့ အဖွဲ့ချုပ်ဝင်တွေနဲ့ကျွန်မတို့ရဲ့ ပြည်သူလူထုကို ဘယ်လိုကြောင့် ဒီလိုဆုံးဖြတ်ရတယ်ဆိုတာ ကျွန်မတို့ရှင်းသွားမှာ ဖြစ်ပါတယ်။အဖွဲ့ချုပ်က ကနဦးထဲက တွေ့ဆုံဆွေးနွေးခြင်းနဲ့ အဖြေရှာမယ် အကြမ်းမဖက်တဲ့ လမ်းစဉ်ကို သွားမယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ် ဒါတွေကမူတွေပါပဲ မူပေါ်မှာ ကျွန်မတို့က မားမားမတ်မတ်ရပ်တည်တယ်။ ရပ်တည်ပြီးတော့ ကျွန်မတို့က ပြောင်းတာပြင်တာ အမြဲရှိတဲ့အနေအထားမှာ ကျွန်မတို့ နေသွားမှာဖြစ်ပါတယ် ဒီလိုဒီအတိုင်း ဘယ်တော့မှ မပြောင်းမလဲ လုပ်မယ်ဆိုတဲ့ စိတ်ဓာတ် ကျွန်မတို့မှာ မထားပါဘူး ကမ္ဘာကြီးကပြောင်းလဲနေတယ် အချိန်ကာလက ပြောင်းလဲနေတယ် တရားသဘောအရပြောရမယ်ဆိုရင် အနိစ္စတရားဆိုတာ အမြဲရှိတယ် ဒီလိုပြောင်းလဲနေတဲ့ လောကကြီးမှာ ကျွန်မတို့ မပြောင်းလဲဘဲနေမယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး ဒါပေမယ့်လည်း ကျွန်မတို့ မှာ မူတော့ရှိရမယ် မူတွေပေါ်မှာရပ်တည်ပြီးတော့တရားမှာလည်း တရားဆိုတာရှိတယ် ဒီတရားပေါ်မှာရပ်တည်ပြီးတော့ အနိစ္စကို လက်ခံရသလို ကျွန်မတို့က ကျွန်မတို့ရဲ့မူတွေပေါ်မှာ ဒီမိုကရေစီရရှိရေး အတွက် ကိုင်ဆုပ်ထားတဲ့ မူတွေပေါ်မှာရပ်တည်ပြီးတော့ ပျော့ပျော့ပျောင်းပျောင်းနဲ့ ကျွန်မတို့ဆက်ပြီးတော့ လုပ်ဆောင်သွားမှာဖြစ်ပါတယ် အဲဒီလိုလုပ်သွားတဲ့အခါမှာ ကျွန်မတို့ကို အကြံပေးသင့်တာတွေရှိရင်လည်းပေးပါ ကျွန်မတို့အနေနဲ့ကတော့ ဖြေရှင်းရမယ့်ကိစ္စတွေကို ဖြေရှင်းနိုင်မယ့်အချိန်မှာ အမြဲဖြေရှင်းသွားမှာဖြစ်ပါတယ် ဒီလို အပြန်အလှန်လုပ်နိုင်မှလည်း ဒီမိုကရေစီနည်းလမ်းကျမှာဖြစ်ပါတယ် အဲတော့ အခုလို ကျွန်မတို့ကို လာပြီးအားပေးတဲ့နေ့မှာ ကျွန်မကနေပြီးတော့ ဆက်လက်ပြီး တော့ အားပေးကြပါ အားပေးကြပါဆိုတာ စိတ်နဲ့အားပေးရုံတင်မရပါဘူး အပြောအဆိုနဲ့ရော အလုပ်အကိုင်နဲ့ရောအားပေးကြပါ ကျွန်မတို့အနေနဲ့လည်း ဒီလိုအားပေးမှုတွေကို အင်မတန်မှ တန်ဘိုးထားပါတယ် အင်မတန်မှ ကျွန်မတို့ကို ထောက်ခံခဲ့တဲ့သူတွေ ကူညီခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါတယ် ကျေးဇူးတင်တယ်ဆိုတာက ကျွန်မက အမြဲကျေးဇူးတင်စကားပြောရင်း လူတွေက သတိမထားမိသတိမပြုမိတဲ့ ကျွန်မတို့ရဲ့လုပ်ဖော် ကိုင်ဘက်တွေကိုလည်း ကျွန်မအနေနဲ့ အထူးကျေးဇူးတင်စကားပြောပါရစေ ..။
ဥပမာဆိုရင် ရုံးမှာလာပြီးတော့ ထမင်းချက်ပေးတဲ့လူတွေ ရုံးမှာ နေ့တဓူဝ သန့်ရှင်းရေးလုပ်ပေးတဲ့သူတွေ ရုံးမှာ လူမသိသူမသိ ကုပ်ကုပ် ကုပ်ကုပ်နဲ့ လုပ်နေတဲ့ ကျွန်မတို့ရဲ့ ကူညီဖော် ကူညီဘက် ရဲဘော်ရဲဘက် တွေကိုလည်း အထူးကျေးဇူးတင်စကားပြောရင်း ကျွန်မရဲ့မိန့်ခွန်းကို နိဂုံးချုပ်ပါတယ် .....။

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်