Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Tuesday 28 February 2012

mraungmintun အရမ်းလွမ်းတယ်မေမေ

မေမေ ...
    သားရဲ့ဘ၀မှာ တန်ဖိုးအထားဆုံးအခွင့်အရေးဟာ မေမေ့ဘေးနားမှာနေပြီး မေမေ့ကို “ မေမေ ” လို့
မြတ်နိုးစွာခေါ်လို့ရတဲ့ အခွင့်အရေးပါ ... ။

မေမေ ...
    သားရဲ့ဘ၀မှာ အပျော်ရွှင်ရဆုံးအချိန်ဟာ မေမေက သားမျက်နှာကိုသေချာကြည့်ပြီး
 “ သားသမီးတွေထဲမှာ အချစ်ဆုံးပဲ ” လို့ ပြောတဲ့အချိန်ပါ ... ။

မေမေ ...
    သားရဲ့ဘ၀မှာ ... သားအမြတ်နိုးဆုံး ၊ သံယောဇဉ်အရှိဆုံး ၊ တန်ဖိုးအထားဆုံးလူသားဟာလည်း
“ မေမေ ” ပါ ပဲ................ လို့ ..........။
မေမေ .......
    မေမေဟာ သား လူ့လောကထဲကိုရောက်လာဖို့အတွက် အန္တရာယ်တွေများစွာနဲ့ ရင်ဆိုင်ခဲ့ရတယ်နော် ။
သားနားလည်သလောက်ပြောရမယ်ဆိုရင် မေမေဟာ သားကို အသက်ထက်တောင် ပိုချစ်ခဲ့တယ်ဆိုတာပါပဲ ။
ဟုတ်တယ်နော် ... အသက်ထက်ပိုချစ်လို့သာ မေမေဟာ သချို င်္ကုန်းကို တစ်နေ့သုံးခါ မျက်စောင်းထိုးနေရပါလျက်
မဖြစ်မနေ သားကို မွေးခဲ့တာပေါ့  ။ ပဋိသန္ဓေလွယ်ထားရတဲ့ ကိုးလကျော်ဆယ်လမှာလည်း မေမေအရမ်းကြိုက်တတ်တဲ့
အစားအသောက်ဖြစ်ပေမယ့် သားကိုထိခိုက်မှာစိုးတဲ့အတွက် မစားပဲနေခဲ့ပါတယ် ။
ဒါဟာ သားကို အရမ်းချစ်လို့ပဲမဟုတ်လား မေမေ ... ?
   
    ဒီလိုနဲ့ ... သား လူ့လောကထဲကိုရောက်လာပြီဆိုပြန်တော့လည်း မွေးဖွားစဉ်ကခံစားရတဲ့ဒုက္ခတွေကိုမေ့ပြီး ၊
မေတ္တာတရားတွေနဲ့ ပြည့်ရွှန်းတောက်ပနေတဲ့မျက်ဝန်းနဲ့ သားကိုတမြတ်တနိုးငေးစိုက် ၊
ထွေးပိုက်ယုယ ခဲ့ပါတယ် ။ မှတ်မှတ်ရရ .. အဲ့ဒီနေ့က သားကိုမေမေထွေးပိုက်လိုက်တာဟာ သားဘ၀တစ်ခုလုံးကို
သိမ်းကျုံးထွေးပိုက်လိုက်သလိုပါပဲ ။ပြီးတော့ ..မေမေ့ရဲ့ နှလုံးသားကလည်း သား ... မင်းဘ၀တစ်လျှောက်လုံးကို ၏
အမေတာဝန်ယူမယ်လို့ပြောနေသလို ခံစားမိပါတယ် ။
    တကယ်ပါပဲ မေမေ ... ။ မေမေ့ရဲ့ ရင်ခွင်ထဲမှာနေခွင့်ရခဲ့တဲ့အချိန်တွေဟာ တကယ့်ကိုအန္တရာယ်ကင်းစွာနဲ့
လုံခြုံနွေးထွေးခဲ့ပါတယ် ။ သား ဘ၀တစ်သက်တာမှာ ဒီလိုလုံခြုံနွေးထွေးမှုမျိုးကို ဘယ်လိုစည်းစိမ်ချမ်းမျိုးနဲ့မှ
လဲနိုင်မှာမဟုတ်တော့ပါဘူးမေမေ ။

    မေမေဟာ သားအိပ်မပျော်တဲ့အခါမျိုးမှာလည်း မေမေရတဲ့သီချင်းတွေကို အသံချိုချိုလေးနဲ့ ဆိုပြီး
ချော့သိပ်တတ်သေးတယ်နော်။ကမ္ဘာကျော် အဆိုတော်တွေ မမှီနိုင်ပါဘူး မေမေ ။ မေမေ့ရင်ခွင်ထဲမှာ
သားနားဆင်ခဲ့ရတဲ့ သံစဉ်ချိုအေး မေမေ့တေးတွေဟာ ကမ္ဘာကျော်အဆိုတော်တွေဆိုတဲ့သီချင်းထက် အဆပေါင်းများစွာ
နားထောင်လို့ ကောင်းခဲ့ပါတယ် ။ ဒီလိုနဲ့ ... သားအိပ်ပျော်သွားပြီဆိုမှ ပုခက်လေးပေါ်တယုတယ တင် ၊
သားပါးပြင်လေးတွေကိုအနမ်းလေးတွေတယုတယခြွေပြီး သားနဲ့ မနီးမဝေးမှာ အိမ်အလုပ်တွေ လုပ်နေလေ့ရှိတယ် ။
  
အိပ်ရာအထ ဂျီကျတတ်ပြီး  တအီအီနဲ့ ငိုတတ်တဲ့ သားအသံကိုကြားပြီဆိုတာနဲ့ မေမေဟာ
လုပ်လက်စအလုပ်တွေပစ်ထားပြီး သားဆီအပြေးလာခဲ့တယ်နော် ။ သားအကျင့်ကလဲ မျက်စိနှစ်လုံးပွင့်တာနဲ့
မေမေ့မျက်နှာကိုမမြင်ရရင် အလိုလိုငိုချင်နေမိတာ ... ။
   
     အဲ့ဒီလို ခနခန ဂျီကျတတ်တဲ့ သားကို မေမေ ဘယ်သောအခါမှငြိုငြင်ခြင်းမရှိပဲ ပျော်ရွှင်နေတဲ့မျက်နှာနဲ့
အမြဲချော့မြှုပေးခဲ့တယ်နော် ။ “ ဒီကလေး .. မေမေရိုက်မိတော့မယ် ” လို့ပြောနေပေမယ့် မေမေ့မျက်နှာပေါ်မှာ
အပြုံးချိုချိုလေးကို မြင်နေရတော့ တကယ်မရိုက်ဘူးဆိုတာ သိပြီး သားကလည်း ပိုဆိုးနေတာပေါ့  ။
မေမေ့ရဲ့ ရင်ငွေ့နွေးနွေးမေတ္တာရိပ်အောက်မှာ ပျော်ရွှင်စွာ ၊ လုံခြုံနွေးထွေးစွာအစစအရာရာပြည့်စုံစွာ
ပညာသင်ကြားရင်းနေထိုင်ခွင့်ရတဲ့အချိန်တွေ ကုန်ဆုံးသွားခဲ့ပါပြီ ။ကျနော်အခုဆို.... မေမေ့ကို တလှည့်ပြန်ပြီး
လုံခြုံနွေးထွေးအောင် ၊ အစစအရာရာ ပြည့်စုံအောင်  ထားနိုင်ဖို့ ကြိုးစားရတော့မယ် မေမေ ။
မေမေက အတန်တန်တားနေပါရက်နဲ့ ... ကျနော် သွားရတော့မယ်မေမေ ... ။
မေမေ့ကို မချစ်တော့လို့ မဟုတ်ပါဘူး မေမေ ... ။
မေမေ့အနားမှာ မနေချင်တော့လို့လဲမဟုတ်ပါဘူး  .... ။
အတောင်စုံအရွယ်ရောက်လို့  မေမေ့ရင်ခွင်စုန်ကန်ပြီး ပျံသန်းသွားချင်ခဲ့တာလဲမဟုတ်ပါဘူးမေမေ ။

ကျနော် ... မေမေ့ကို မေမေလိုအပ်သမျှ အစစအရာရာ ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားချင်လို့ပါ ။
မေမေ ကျနော့်ကို ငယ်ငယ်က နေ့တိုင်းပျော်ရွှင်အောင်ထားပေးခဲ့သလို ကျနော်ကလည်းမေမေ့ကိုတခါပြန်ပြီး ထားချင်လို့ပါ ။
ငယ်ငယ်က ကျနော်လိုချင်တဲ့ ကစားစရာ ၊ အ၀တ်အစား မှန်သမျှ မရရအောင် ၀ယ်ပေးခဲ့သလို
အခုလည်း မေမေလိုအပ်တာမှန်သမျှ ကျနော်က ဖြည့်ဆည်းပေးနိုင်လောက်အောင် အစွမ်းအစတွေ ရှိချင်လို့ပါ ။
   
အဲ့ဒီလို အစွမ်းအစရှိဖို့ဆိုတာလည်း ကျနော့်မှာ ပိုက်ဆံလုံလုံလောက်လောက်ရှိမှဆိုတာ နားလည်ခဲ့မိပြီ မေမေ ။
မေမေ ပိုက်ဆံမမက်မှန်း သားသိပါတယ် ။ ကျနော်လည်း မေမေ့သားပါ .. ။ ပိုက်ဆံမမက်တတ်ပေမယ့် ...
မေမေ့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ဆိုရင်တော့ ... ပိုက်ဆံမှမဟုတ်ဘူးမေမေ ၊
နတ်ပြည်မှာပေါက်တဲ့ နတ်ပန်းဖြစ်ပါစေ ကျနော်မရရအောင်ရှာဖွေပြီး မေမေပြည့်စုံပျော်ရွှင်နိုင်အောင်
ယူဆောင်လာပေးမှာပါ ... ။
ကျနော်သွားရပါတော့မယ် မေမေ ... ရှိခိုးဦးချနေတဲ့ ကျနော့်မျက်နှာကို သေချာကြည့်ပြီး ဆုပေးလိုက်ပါဦး ... ။
ပြောချင်ပေမယ့် .. စကားသံတွေ မထွက်တော့ပါဘူး မေမေရယ် ..။ မေမေ့လိုတော့ မျက်ရည်မကျပေမယ့်
ကျနော့်လည်ချောင်းထဲမှာလည်း ဆို့နင့်နေပါပြီ ။ တစ်ဘက်လှည့်နေတဲ့ မေမေ့မျက်နှာမှာ
မျက်ရည်တွေဝဲနေမယ်ဆိုတာသိတော့ ...ကျနော် တိတ်တိတ်လေးပဲ ထွက်ခွာသွားလိုက်ပါတော့မယ် ။

    ခရီးစဉ်ကြေငြာနေတဲ့သူကလည်း ထွက်ခွာရန်အချိန်နီးပြီမို့ နေရာယူပေးကြပါရန်ဆိုပြီး ပန်ကြားနေပါပြီ ... ။
ငိုနေတဲ့ မေမေ့ကိုနောက်ဆုံးအကြိမ်ဦးချ ကန်တော့ရင်း  လေးလံတဲ့ခြေလှမ်းတွေနဲ့ အတူ ကျနော်နဲ့မေမေကို
အဝေးဆုံးခွဲခွာယူဆောင်သွားတော့မယ့်ယာဉ်ပျံကြီးပေါ်ကို တက်ခဲ့ရပါပြီ ။
နောက်ဆုံး ... လေယာဉ်တံခါးပေါက်ရောက်တော့ မေမေရပ်နေတဲ့ နေရာလေးကို လှည့်ကြည့်မိတယ် ။
မေမေကျနော့်ကို လက်ပြနေတုန်းပဲ ... ။
ကျနော်လည်း မျက်ရည်တွေကြားထဲက မေမေ့ကို ပြုံးပြရင်းပြန်ပြီးလက်ပြနှုတ်ဆက်ခဲ့ပါတယ် ။
လေယာဉ်ခရီးစဉ်တလျှောက်လုံးမှာမျက်လုံးမှိတ်ရင်း ကျနော့်စိတ်အာရုံထဲမှာ တ၀ဲဝဲ မြင်ယောင်နေမိတာက
မေမေရဲ့ လက်ဖ၀ါးလေးကိုပါ ... ။
မေမေဟာ ဒီလက်ဖ၀ါးလေးနဲ့ပဲ ...
ကျနော့်ကို ထမင်းခွံ့ကျွေးခဲ့ဖူးပါတယ် ။
ရေမိုးချိုးရင်း အညစ်အကြေးတွေ ချေးညှော်တွေကို သုတ်သင်ပေးခဲ့ပါတယ် ။
စာရေးတတ်ခါစမှာလည်း ကျနော့်လက်သေးသေးကို အဲ့ဒီလက်ဖ၀ါးလေးနဲ့ဆုပ်ကိုင်ရင်း
လက်ရေးတွေ ညီအောင် သင်ပြပေးခဲ့ဖူးပါတယ် ။
ကျနော်ကျောင်းပြေးတဲ့အခါကလည်း ဒီလက်ဖ၀ါးလေးမှာ ၀ါးခြမ်းပြားသေးသေးလေးကို ကိုင်ပြီး 
ကျနော့်ကို ရိုက်နှက်ဆုံးမခဲ့ဖူးပါတယ် ။အိပ်မပျော်တဲ့ ညတွေမှာ မေမေ့ရင်ခွင်ကို ခေါင်းနဲ့ တိုးဝင်ပြီး ချွဲနွဲ့တဲ့အခါလည်း
ကျနော့်ရဲ့ကျောပြင်ကို ဒီလက်ဖ၀ါးလေးနဲ့ပဲ ပွတ်သပ်ပေးခဲ့ပါတယ် ။

ခု ... ခွဲခွာရတဲ့အချိန်မှာလည်း မေမေဟာ မျက်ရည်တွေကြားက ဒီလက်ဖ၀ါးလေးနဲ့ပဲ လက်ပြနှုတ်ဆက်ခဲ့ပြန်ပါပြီ ။
ကျနော်နင့်နင့်နဲနဲ နားလည်ခဲ့မိပါပြီ မေမေ ... ။ တကယ်တော့ မေမေ့ရဲ့ လက်ဖ၀ါးလေးတွေဟာ
သာမန်လက်ဖ၀ါးလေးတွေမဟုတ်ပါဘူး ။ ကျနော့်ဘ၀ကို အလှပဆုံး ထုဆစ်ပုံဖော်ပေးခဲ့တဲ့
ပန်းပုဆရာတစ်ယောက်ရဲ့ လက်ဖ၀ါးလေးတွေပါ ။တစ်ခါ တစ်ခါ ... ပိုနေတဲ့အသားတွေကို
ဆောက်ချက်နဲ့ထွင်းထုလိုက် ၊တစ်ခါတစ်ခါ ကြမ်းတမ်းတဲ့နေရာတွေ ကော်ပတ်နဲ့ ပွတ်တိုက်လိုက် ၊
တစ်ခါတစ်ခါ လိုအပ်တဲ့ဆေးရောင်တွေကို တယုတယခြယ်သလိုက်နဲ့ ... မေမေဟာ ကျနော့်ဘ၀ကို
အလှပဆုံးဖြစ်အောင် ပင်ပန်းတကြီး ထုဆစ်ပုံသွင်းပေးခဲ့တာပါ  ။
အဲ့ဒီလို နေ့ပေါင်းများစွာ ဒုက္ခခံပြီးထုဆစ်ခဲ့ရတဲ့အတွက် မေမေ့ရဲ့ လက်ဖ၀ါးလေးတွေ သာမန်ထက်
ကြမ်းတမ်းနေခဲ့ရတယ်ဆိုတာလည်း အခုမှပဲ သား နားလည်မိတော့တယ် မေမေ ။
ဒါတွေကို နားလည်တဲ့အချိန်မှာတော့ ကျနော်ဟာ မေမေနဲ့ မိုင်ထောင်ချီဝေးကွာမယ့်နေရာတစ်ခုကို
ယာဉ်ပျံကြီးစီးပြီး ခရီးနှင်နေရပါပြီ ။

    “ မေမေ ” လို့အကျယ်ကြီးခေါ်ပြီး ရင်ခွင်ထဲပြေးဝင်အမောဖြေခွင့် တစ်ခါပြန် ရနိုင်ဖို့ ကျနော့်ဘ၀မှာ
နောက်ထပ်ရက်တွေများစွာကျော်လွန်သွားတဲ့အထိ စောင့်မျှော်နေရပါတော့မယ် ။
မေမေ ............. ဒီစာကို ဖတ်နေတဲ့အချိန်မှာ မေမေ့ရဲ့ လက်ဖ၀ါးလေးတွေကို ကျနော် စိတ်မှန်းနဲ့
ဦးညွှတ်ကန်တော့နေမယ်ဆိုတာ ယုံကြည်ပါ ။
( ဆရာတော်အရှင်က္ကုဒ္ဓိပါလ ၏ “ အမေများနေ့အမှတ်တရ ” စာအုပ်မှ ကိုးကားပါသည် ။ )

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်