(၇)
အစိုးရမင်းတို့နှင့် ရင်းနှီးကျွမ်းဝင် ရောနှောချင်သော
ရာဇ၀လ္လဘရဟန်းအဖြစ်ထက် အစိုးရမင်းတို့ မြတ်နိုးကိုးကွယ်သော
ရာဇဂုရုဆရာရဟန်းအဖြစ်ကိုသာ သာသနာတော်ထမ်းတို့က မျှော်မှန်းကြပေသည်။
မိမိတို့ကို ဦးထိပ်တင်သော ထိုအစိုးရမင်းသည်လည်း ဓမ္မရာဇာတရားမင်းသာ
ဖြစ်စေလိုကြသည်။
(၈၈)လွန်ကာလများတွင်
ဘွဲ့တံဆိပ်တို့၏ အညှီအနံ့ကို ရှိုက်မိသော ဆရာတော်ကြီးများက
ဘွဲ့ခံပုဂ္ဂိုလ်ဖြစ်ရန် ရှက်နိုးတော်မူကြသော်လည်း ဘွဲ့တံဆိပ်နောက်တွင်
ချိတ်ထားသည့် အခွင့်အရေးတီထွေးကြီးကို ဟတ်လိုသူကေစိပုဂ္ဂိုလ်အချို့ကလည်း
ရှိနေခဲ့ပြန်လေသည်။ သို့နှင့် ဘွဲ့မခံယူလိုသောရဟန်းနှင့်
ဘွဲ့ငန်းသောဘုန်းကြီးဟု နှစ်မျိုးဖြစ်လာစေခဲ့သည်။
အများပြည်သူတို့အမြင်တွင်
သိက္ခာသုံးရပ် အကျင့်မြတ်ကုံလုံ အရည်အချင်းပြည့်စုံကာ
ဘွဲ့ခံပုဂ္ဂိုလ်ဖြစ်ထိုက်သူဟု ကျော်ဇောကိတ္တိရှိသည့် ဆရာတော်ကြီးများကို(
ဖိအားပေးကာ) ဘွဲ့အလှူခံစေတတ်ပြီး မိမိကိုယ်တိုင်ဆန္ဒအရဖြစ်စေ၊ပကာသနအရောင်
အသွေးကို အလေးပေးတတ်ကြသည့် တပည့်ဒကာဒကာမအသိုင်းအ၀ိုင်း၏
တွန်းအားကြောင့်ဖြစ်စေ ဘွဲ့တံဆိပ်ကို ငန်းမိသောဘုန်းတော်ကြီးအချို့ကိုတော့(
လျှောက်လွှာတင်အောက်ကျို့ကာ) ဘွဲ့တောင်းခံစေသည့် စနစ်ကို
ကျင့်သုံးခဲ့ပြန်သည်။
ယခင်ဆက်ကပ်မြဲဖြစ်သည့်
အထင်ကရဘွဲ့တံဆိပ်တော်ကြီးနှစ်ခုအပြင် ခေါင်းစဉ်အမျိုးမျိုး တပ်ထားသော
ဘွဲ့များကို တည်ထွင်လိုက်သောအခါ တစ်ဘွဲ့မဟုတ် တစ်ဘွဲ့က တန်းစီ ဇယားတွင်
သေချာချင်တိုင်းသေချာနေတော့သည်။
ဘွဲ့တံဆိပ်များနှင့်
ပတ်သက်၍ ရယ်သွမ်းသွေးပုံပြင်လေးတစ်ပုဒ်ကြားဖူးသည်။ အစိုးရက ဘွဲ့များကို
လှိုင်လှိုင်ထုတ်လုပ်ပေးခါစ ရွာတစ်ရွာရှိ
သီလသမာဓိထင်ရှားသောတောင်ကျောင်းဆရာတော်ကြီးကို ဘွဲ့တံဆိပ်ဆက်ကပ်လေသောအခါ
မြောက်ကျောင်းဆရာတော်က ချီးမွမ်းမဆုံး။ ချွန်လိုက်ပါဘိ၊မွန်လိုက်ပါဘိ၊
တော်လိုက်ပါဘိ၊ မော်လိုက်ပါဘိ။
နောက်နှစ်ကူး လွတ်လပ်ရေးရာသီတွင် တပည့်ဒကာဒကာမများက
လျှောက်လွှာဖြည့်စွက် တင်သွင်း၍ မြောက်ကျောင်းဆရာတော်ကိုယ်တိုင်
ဘွဲ့ခံပုဂ္ဂိုလ်ကြီးဖြစ်လာသည့်အခါမှာတော့ ''ဟို မောင်ရှင်လည်း
ငါ့လိုပဲထင်ပါ့ '' ဟု တန်ညှိလေသောဟူ၏.။
(၈)
ဘွဲံ့တံဆိပ်ရ၊
မရပုဂ္ဂိုလ်တို့ကိုလည်း ခွဲခြားဆက်ဆံသဖြင့် လောကဓံကို
ခံနိုင်ရည်မမွေးနိုင်သော ဆရာတော်ကြီးများခမျာ စိတ်ဓါတ်စစ်ဆင်ရေးတွင်
ကျဆုံးကြရသည်လည်း ရှိတတ်ပေသေးသည်။ ဘွဲ့ရမဟုတ်လျင် မင်းပွဲစိုးပွဲသဘင်
မ၀င်ရ၊မကပ်ရ။
ဘွဲ့သင်္ကေတကြာငါးခိုင်တံဆိပ်တုံးမှ
မပြနိုင်လျင် ရုံးပြင်ကန္နားက စကားပြောလိမ့်မည်မဟုတ်။
မီးရထားလက်မှတ်ဝယ်သည်ပင် နေရာပေးထည့်သွင်းစဉ်းစားလိမ့်မည်မဟုတ်။ ''ဟွန်း
ဘဒ္ဒန္တဘွဲ့ရလည်း ဟုတ်ဘဲနဲ့..။''
မိတ်ဆွေရဟန်းတစ်ပါးက
ရန်ကုန်ဘူတာကြီးထဲက မြင်ကွင်းလေးတစ်ခုကို ပြောပြဖူးသည်။
သက်တော်ခြောက်ဆယ်အရွယ်ရှိ ဆရာတော်ကြီးတစ်ပါးကို
နောက်ပါတပည့်ရဟန်းသုံးပါးခန့်က အိပ်ဆွဲကာ မီးရထားသို့ လိုက်ပို့ကြသည်။
ထိုအချိန်မှာပင် အုပ်အုပ်ကျက်ကျက် လူထုကြီးခြံရံပြီး
ရွှေရောင်စာလုံးရေးထိုးထားသော ယတ်တောင်ကို ဟန်ပါပါကိုင်လျက် သက်လတ်ပိုင်း
ဘွဲ့ခံဘုန်းတော်ကြီးတစ်ပါး အထက်တန်းတွဲသို့ ကြွလာသည်။
ဒုတိယဆရာတော်က
ပထမဆရာတော်ကို မြင်ဖြစ်အောင် မြင်သလို ပထမဆရာတော်ကြီးကလည်း
သတိထားမိလိုက်သည်။ သို့သော် အချင်းချင်းနှုတ်မဆက်ဖြစ်ကြ။ ဒုတိယဆရာတော်က
လူအုပ်ကြားတွင် နှုတ်ဆက်လိုဟန် မရှိ။ ဘွဲ့ခံသာသနာ့အာဇာနည်ပုဂ္ဂိုလ်ကြီးကို
ပူဇော်နေကြလေသည့် ပရိသတ်လူအုပ်ကြီးကိုသာ
သြ၀ါဒနှုတ်ဆက်စကားချွေရလေမည်မဟုတ်လား။
ရထားထွက်ပြီး
လူရှင်းပြီဆိုပါမှ ဘွဲ့ခံဘုန်းတော်ကြီးလေးက ဆရာအရှင်ဖြစ်သူ
ပထမဆရာတော်ကြီးဆီ ချဉ်းကပ်ကာ ဂါရ၀ပြုရပါလေသည်။ တပည့်များစွာတွင်
ပရိယတ်ညံ့ဖျင်းလှသော်လည်း လူမှုရေးကျွမ်းကျင်ပြီး လောကီလည်ဝယ်ဟန်ရှိသော
ဘွဲ့ခံတပည့်ကျော်ကို ဆရာအရှင်က ခပ်ရိုးရိုးကြီးကြည့်နေပါလေသည်။
ထိုဆရာတော်ကြီးက သာသနာတော်လောကတွင် ပရိယတ်ပဋိပတ်ထင်ရှားလှသော်လည်း
ဘွဲ့တံဆိပ်တော်ကို ညှီစော်နံသော မန္တလေးမြို့က စာချအကျော်
မိုးကောင်းဆရာတော်ကြီးဖြစ်ပါသည်။
(အခြားအခြားသောဆရာတော်ကြီးများကတော့
အတန်တန်ငြင်းပယ်သည့်ကြားမှပင် သတင်းစာမှ ပြောင်ပြောင်တင်းတင်းဆက်ကပ်ကာ
ဘွဲ့နှင်းသဘင်မတက်မနေရ သဒ္ဓါ အရည်သုတ်လိမ်းထားသော
အာဏာချိုချဉ်တော်ကြီးကို မဘုဉ်းပေးရဲဘဲ မနေနိုင်အောင်
ပူဇော်ခြင်းခံရလေသည်။)
ယခင်က
ဘယ်ကျမ်းပြုဆရာတော်၊ဘယ်စာဝါကို ပို့ချနေသောဆရာတော်၊ ဘယ်တရားကို
ဟောတော်မူသောဆရာတော်၊ ဘယ်ပဋိပတ်အကျင့်စခန်းကို လမ်းပြသောဆရာတော်စသည်ဖြင့်
အလုပ်ကို ဦးစားပေးခေါင်းစဉ်တပ်ကာ လေးစားပူဇော်ဖွယ်ဖြစ်ခဲ့သော်လည်း
ယနေ့ခေတ်တွင်မူ ကိုးဘွဲ့ရ၊ဆယ့်နှစ်ဘွဲ့ရ၊ တစ်ရာ့နှစ်ဆယ်ဘွဲ့ရ၊
ဘွဲ့ပေါင်းတစ်ထောင်ဂုရုကွေးဖြစ်လာရန် အာရုံစိုက်ကြလေသည်အထိ
ရေးစီးရေလာပြောင်းလဲခဲ့လေသည်။
အလုပ်ခေတ်ထက်
ဘွဲ့ခေတ်ကြီးတွင် သူကိုယ်တိုင်သည်ပင် ချည်ထားသောဘွဲ့တွေ
တော်တော်များနေပြီ။ အလုပ်က မည်မည်ရရ ခါးတောင်းမကျိုက်ရသေး၊
ဘ၀သက်တမ်းတစ်ဝက်ကျိုးတော့မည်။
လောကုတ္တရာဘက်တွင် ဘာဘွဲ့မှ မရကြရှာသော လယ်တီတောကျောင်းဘုန်းကြီးလေး
အရှင်ညာဏ၊မန်လည်ရွာလေးက အရှင်ဇ၀န၊ ဆာဘိုးသာဇရပ်ကြီးတွင်
ကပ်ရပ်စာချခဲ့ရရှာသည့် အရှင်အာဒိစ္စ၀ံသ၊ အတန်းပညာဟူသောလျှောက်လွှာပုံစံတွင်
'' မရှိ'' ဟု အမြဲစာရင်းဖြည့်သွင်းရရှာသော တောင်တွင်းကြီးမြို့လေးက
ရှင်ဥက္ကဋ္ဌတို့၏ ခြေဖျားလည်းမမှီ။ လောကီရေးရာတွင်လည်း တက္ကသိုလ်ဥပစာတန်းမျှ
သင်ယူခဲ့ဖူးရှာသော ကိုရင်သန့်ဝိဇ္ဇာတန်းလေးအောင်ရုံမျှ ဖိုးအောင်ဆန်းနှင့်
ဥပဒေတန်းတဖုန်းဖုန်းကျရှာသော ကိုကြီးနုတို့နှင့် မယှဉ်သာ။
အော်
ဘွဲ့..ဘွဲ့ရောဂါ...။ ကူးစက်လေစွတကား။ သို့ဖြင့်
ဘွဲ့ခံဆရာတော်အချင်းချင်း ဓါတ်သိဘွဲ့ခံများဖြစ်လာက
ဂါရ၀နည်းပါးလာသည်နှင့်အမျှ တပည့်သံဃာငယ်များကလည်း အရိုသေတန်သလို
ဖြစ်လာခဲ့သည်မှာ အမှန်ဖြစ်ပါသည်။ လွတ်လပ်ရေးနေ့
သာသနာတော်ဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ကြေငြာချက်သည်ပင် '' မူလတန်းဂေဇက်'' ဟု
အသရေပျက်လာလေတော့သည်။
သံဃာကြီးများနှင့်
သံဃာငယ်များကြား ဂါရ၀နှင့်
နိဝါတနည်းပါးခြင်းအက်ကြောင်းကြီးပေါ်လာခဲ့သည်။ ယခင်က
ဘွဲ့တံဆိပ်ရဆရာတော်ကြီးတစ်ပါး၏ သြ၀ါဒစကားတစ်ခွန်းအောက်တွင်
ရဟန်းရှင်လူပြည်သူလူထုက ညီညွတ်ပိပြားကာ တစ်ကြောင်းတည်းသောလမ်းကို
လျှောက်ခဲ့ကြသော်လည်း ယခုမူ ဘွဲ့ခံအပါးတစ်ရာ၊ သြ၀ါဒအခွန်းတစ်ရာ၊
လမ်းကြောင်းတစ်ရာ...။
(၉)
နုပျိုတက်ကြွ၍
အနာဂတ်သာသနာ့အညွန့်အညှောက် ရှင်ပျိုရဟန်းပျိုပေါက်စတို့ကို
မထေရ်သံဃာတော်ကြီးတို့က မျက်စိနောက်စေအောင်လည်း မလစ်ဟင်းခဲ့ပါ။
''
မောင်ရှင်တို့ ခေတ်ရောက်မှပဲ ဘုရားတရားတော်တွေ
ကွယ်ပျောက်ရတော့မှာပါကလားကွယ်ရို့ '' ဟု သာသနာ့ထိပ်ခေါင်တင်မထေရ်ကြီးတို့
ရွှေရင်စို့လောက်သော ဇာတ်ဝင်ခန်းတို့ကို ဖန်တီးခဲ့ပြန်ပါလေသည်။
ပရိယတ္တိပဌမပြန်စာမေးပွဲများ၏ အရည်အသွေးကို လျှော့ချပေးလိုက်ခြင်းဖြစ်ပါသည်။
ကြီးကြပ်ရေး၊အထူးကြီးကြပ်ရေးတင်းကျပ်စွာ
ချထားသည့် စာဖြေခန်းထဲတွင် ဇောချွေးထွက်အောင် စဉ်းစားဖွယ်မလိုတော့။
စာမေးပွဲဖြေဆိုမည့်ရဟန်းသာမဏေသီလရှင်များ စိတ်အေးချမ်းသာစွာ
ဖြေဆိုစေချင်ပါသည်ဘုရား ဟူသော သာသနာရေးဆိုင်ရာလျှောက်ထားချက်ကြီးကို
နာယူခဲ့ရပြီးသော ကြီးကြပ်ရေးဆရာတော်များအနေဖြင့် သတင်းစာတစ်စောင်ကို
ဖတ်၊ရေနွေးကြမ်းကို တစ်ခွက်ပြီးတစ်ခွက်သောက်ရင်း
မောင်ရှင်၊မယ်ရှင်လေးများကို လစ်လျူရှုခြင်းဖြင့်
စောင့်ရှောက်တော်မူရလေသည်ကော။
စာဖြေခန်းအတွင်း ကျောက်သင်ပုန်းကြီးပေါ်တွင် ဘယ်မောင်ရှင်က လက်ဆော့ထားသည်မသိ။ ကဗျာတစ်ပုဒ်ကို ထင်းထင်းကြီးတွေ့ရပါလိမ့်မည်။
စာစစ်ကြွလာ၊ ထေရ်မဟာ ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
စာဖြေခန်းတွင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
ကူးထားသည့်စာ၊ အဖြေလွှာ၊ ဘယာဝေးပါစေ။
အရေအတွက်ထက်
အရည်အသွေးကို ဦးစားပေးကြသည့် စာသင်တိုက်ကြီးများကတော့ ထိုလောကဓံကို
အံတင်းခံ၍ '' ခေတ်ဘယ်လိုလိုပြောင်းပြောင်း၊ ငါတို့ပရိယတ္တိမူမပြောင်း၊
မသမာစိတ်မွေးလျင် ဂျောင်း '' ဟု ဇွဲသန်သန်လှော်ခတ်နေကြသည်ကို
ကြည်ညိုဖွယ်ရာဖူးတွေ့ရဆဲဖြစ်ပါ၏။
သို့သော် ရဟန်းငယ်ရှင်ငယ်များသည်လည်း ဆရာတော်ကြီးများက
ဘွဲ့တံဆိပ်တော်နောက် ကောက်ကောက်ပါသလို စာတတ်ခြင်းထက်
စာမေးပွဲအောင်ခြင်းကိုသာ ဆာလောင်လေပြီ။စာမေးပွဲအောင်ဖို့လည်း ဘာခက်သနည်း၊
စာဖြေဌာနများစွာ ဖွင့်လှစ်လိုက်လိုက်ပြီ။ ယခင်တစ်နိုင်ငံလုံး
အစိုးရစစ်ဟု ဂုဏ်သရေမြင့်ခဲ့ရာမှ တိုင်းနှင့်ပြည်နယ်စစ်သို့
ပြောင်းသွားလေပြီ။ စာဖြေဌာနချင်းကလည်း ဖြေဆိုချိန်မတူ။
နှစ်ဌာနခွဲပြီးလက်မှတ်ထိုးလိုက်လျင် တစ်နေရာရာကတော့
အောင်မည်လက်ခတ်မလွဲ..။ အော် ဒို့ခေတ်ကို ရောက်နေပြီမှာ မလွဲပါ..။
စာတတ်ချင်သောရှင်ငယ်ရဟန်းငယ်လေးများက
စာသင်တိုက်ကြီးများတွင် ဇွဲခတ်ကူး၍ စာမေးပွဲတဘုန်းဘုန်းကျနေချိန်
သုံးကျောင်းပြောင်းသောရှင်၊ ယောင်ခြောက်ဆယ် မောင်ရင်တို့က တစ်နှစ်တစ်တန်း
ပုံမှန်းလှမ်းကာ ဓမ္မာစရိယတန်း ဟုလျှမ်းလျှမ်းတောက်နေကြလေပြီ။
ခင်ကြီးပေါက်နောက် ဒို့နှစ်ယောက်ပုံပြင်ပမာ
ငါ့ရှေ့နောင်တော်ဘုရားအလောင်းများသည်ပင် မူးကြတုန်း၊ ငါလည်း ကျင့်နေလို့
ထူးပါဘူး ဟု ခင်ကြီးပေါက် စိတ်ဒုန်းဒုန်းချလိုက်သလိုပင် စာသင်တိုက်မှ
စိတ်ဓါတ်မခိုင်ရှာသောမောင်ရှင်လေးများလည်း စာသင်တိုက်ကြီးမှ
စာချဘုန်းကြီးများမသိအောင် အခြားစာဖြေဌာနတစ်ခုတွင် လက်မှတ်ထိုးပြန်လေသတည်း၊
No comments:
Post a Comment