Pages

အိမ်မက်ချစ်သူမှကြိုဆိုပါတယ်

ဒီနေရာတွင်မန်ဘာဝင်နိုင်ပါသည်

Saturday, 15 September 2012

လူငယ်နဲ့ မြို့ ပြ

အမှတ်တမဲ့ကြည့်ရင် ဒီခေတ်ဟာ ပညာကို ဦးစားပေးတဲ့ခေတ်လို့ ထင်မှတ်ရတယ်။
ဘာကြောင့်လဲဆိုတော့ ၁၆ နှစ်နဲ့ ၂၅ နှစ်ကြားကလူငယ်တွေဟာ သင်တန်းအမျိုးမျိုးတက်နေကြတဲ့ခေတ်
ဖြစ်နေလို့ပါ။ အဲဒီသင်တန်းအမျိုးမျိုးကလည်း မြို့တော်ကြီးတွေဆီမှာသာ ရှိတာမို့ မြို့ပြရဲ့
ယဉ်ကျေးမှု ဖြစ်နေတယ်။ကွန်ပြူတာသင်တန်းနဲ့ အင်္ဂလိပ်စကားပြောသင်တန်းက ခေတ်အစားဆုံးပါပဲ။
သင်တန်းတွေခေတ်စားတဲ့အချိန်ပါ။

     
       ဟိုတုန်းက တက္ကသိုလ်ဟာ အပြန့်အကျယ်ကြီး။ တစ်ကယ့်ကမ္ဘာလောကသစ်တစ်ခုပါ။
ဆယ်တန်းအောင်ရင် ကိုသွားရမယ့် ကမ္ဘာသစ်အတွက် လူငယ်တွေဟာ မျှော်လင့်ချက်ကိုယ်စီနဲ့ ကြိုးစားခဲ့ကြတယ်။
တွန်းအားကောင်းခဲ့တယ်ဆိုရမှာပေါ့။ တက္ကသိုလ်ဆိုတာ လူငယ်ကိုလူကြီးဖြစ်အောင် လေ့ကျင့်ပေးတဲ့နေရာတစ်ခုပါ။
အထက်တန်းကျောင်းမှာလို မှတ်စုနဲ့ချမပေးတော့ဘူး။ Lecture လို့ခေါ်တဲ့ ဟောပြောသင်ကြားမှုကို စယူရတယ်။
ရင်ခုန်စရာအလွန်ကောင်းတယ်။ မိဘရင်ခွင်ကနေ ၄နှစ်လောက် လွတ်ရတဲ့အတွက် ကိုယ့်ကိုယ်ကို လွတ်လပ်မှုနဲ့
ဟန်ချက်ညီညီထိန်းပြီး လေ့ကျင့်ယူရတဲ့နေရာပါ။ ကိုယ်မသိသေးတဲ့ကမ္ဘာပါ။
အခုတော့ တက္ကသိုလ်ဆိုတာ ဘွဲ့လွန်တွေရဲ့နေရာ၊ ရင့်ကျက်ပြီးသူတွေရဲ့နေရာ။ ရင့်ကျက်မှုမလိုတော့သူတို့ရဲ့နေရာ။                   
        ဒီအချိန်မှာကမ္ဘာသစ်ကိုလေ့လာဖို့လိုတဲ့ လူငယ်တွေဟာ ကမ္ဘာသစ်နဲ့ ဝေးဝေး၊
သူတို့သိပြီးသားလောကလေး သေးသေးလေးတွေမှာပဲ လှုပ်ရှားနေရတယ်။ လိုအပ်သူကိုမပေးနိုင်ဘဲ
မလိုအပ်သူကိုပေးနေတဲ့အရသာတစ်ခုပေါ့။ ဒီအခါမှာ မြို့ပြယဉ်ကျေးမှုထဲမှာ အရင်တုန်းကပါခဲ့သလို တက္ကသိုလ်ဟာ
ပါဝင်သေးရဲ့လား…..လို့ သံသယဖြစ်စရာပါပဲ။တက္ကသိုလ်ယဉ်းကျေးမှုတွေအစား သင်တန်းယဉ်ကျေးမှုတွေ
ဖြစ်လာတာ အံ့သြစရာမဟုတ်ပါဘူး။ ကျိုးကြောင်းဆက်နွယ်မှုရှိတဲ့ ယုတ္တိဗေဒနဲ့ညီတဲ့ ပေါ်ပေါက်မှုတစ်ခုပါ။
     
        လူငယ်တစ်ယောက်ကိုလမ်းမှာတွေ့ရင်မေးကြည့်လိုက်၊ သူဟာအနည်းဆုံး သင်တန်းနှစ်ခုတော့တက်ထားနေပြီ။
ကွန်ပြူတာနဲ့ အင်္ဂလိပ်စာ။ နောက်ခေတ်စားတာက LCCI သင်တန်း။ အခုတော့ နိုင်ငံခြားမှာ ကျောင်းတက်ဖို့ဆိုတဲ့
ရည်ရွယ်ချက်တွေ ပါကုန်ပြီမို့ တက်မယ့်နိုင်ငံအလိုက် ၀င်ခွင့်စာမေးပွဲတွေ ခေတ်စားလာပါတယ်။ ဂျီစီအီးတို့၊
အက်စ်အေတီတို့၊ ဘွဲ့လွန်ဆိုရင် ဂျီအာရ်အီးတို့ပေါ့။ တိုဖယ်လ်လို့ခေါ်တဲ့ နိုင်ငံခြားကျောင်းသားတွေရဲ့ အင်္ဂလိပ်စာကို
အရည်အချင်းစစ် စာမေးပွဲတစ်ခု (အမေရိကန်တက္ကသိုလ်အတွက် လိုအပ်တာမို့) ဖြေကြရတယ်။
ဒီတော့ တိုဖယ်လ်ဖြေပုံဖြေနည်း သင်တန်းတွေရှိတယ်။
       
        ဒီတော့အင်္ဂလိပ်ဘာသာတစ်မျိုးတည်းမှာတင် စကားပြောနိုင်ဖို့ စကားပြောသင်တန်း၊
ကျောင်းဝင်ခွင့်စာမေးပွဲအတွက် သင်တန်း၊ စာစီစာကုံးအတွက် သင်တန်း၊စသည်ဖြင့် အမျိုးမျိုးရှိတာပဲ။
လူငယ်တွေဟာ သင်တန်းတွေနဲ့ လုံးချာလိုက်နေတယ်။ သင်တန်းတွေဆီမှာပဲ သူတို့ဟာ ကမ္ဘာသစ်ကို
ရတတ်သမျှ လေ့လာဖို့ ရှိတော့တယ်။
     ဒီထက်ငယ်တဲ့လူငယ် ဆယ်ကျော်သက်လေးတွေ အတွက်တော့ ကျူရှင်သင်တန်းတွေဟာ
ကျောင်းပြဋ္ဌာန်းစာအုပ်ထဲကဟာတွေကိုပဲ ပြန်သင်ပေးနေပါတယ်။ ဒီတော့ ဒီဆယ်ကျော်သက်လေးတွေလည်း
သင်တန်းနဲ့ မလွတ်ပါဘူး။ ကျောင်းမှာသင်ရတဲ့စာကို ကျူရှင်မှာ ထပ်သင်ရတာလား။ သို့မဟုတ် ကျူရှင်မှာ
အရင်သင်ထားပြီးမှ ကျောင်းမှာ ပြန်လှန်လေ့ကျင့်ခန်း သွားလုပ်ရသလား မပြောတတ်ပါဘူး။
ကျူရှင်မယူတဲ့ကလေးဟာ အတန်းထဲမှာ သူများနည်းတူ စာမလိုက်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့
ကျုရှင်တက်ထားတဲ့သူတွေရဲ့ စံနူန်းက(လေ့ကျင့်ပြီးသားမို့) မြန်နေလို့ပါပဲ။။

        ကျူရှင်ယဉ်ကျေးမှုအပြင် ကျောင်းကြိုတဲ့ကားတွေ အချင်းချင်း ပြိုင်တဲ့ ယဉ်ကျေးမှုကိုလည်း ကလေးရော
လူကြီးရော ရင်ဆိုင်ရပါတယ်။ ကိုယ်ပိုင်ကားနဲ့ လာကြိုသူအချင်းချင်း ငါ့အဖေက ဘာကားနဲ့လာမှာ ဆိုတာမျိုးတွေ
ခဏခဏ ကြားရမှာပါပဲ။ ကျောင်းဟာ စာတစ်ခုတည်း ပြိုင်ရတဲ့နေရာ မဟုတ်တော့ဘူး။ အစစအရာရာ ပြိုင်ရတဲ့
နေရာတစ်ခု ဖြစ်နေပြီ။ လွယ်အိတ်၊ကျော်ပိုးအိတ်၊ ဖိနပ်ပြိုင်မယ်။ ဘောလ်ပင်ပြိုင်မယ်။ ထမင်းဘူးချင်းပြိုင်မယ်။
အရေးပါမှုချင်းပြိုင်မယ်။ အလှူငွေချင်းပြိုင်မယ်။ အဲဒီကမှ ကားချင်းပြိုင်ကြရပါတယ်။ ယှဉ်ပြိုင်မှုတွေများလှချဉ်ရဲ့
လို့ ညည်းချင်ရင်လည်း ဒါ ယဉ်ကျေးမှုတစ်ခုပါလို့ ဖြေသိမ့်ရပါလိမ့်မယ်။
     
(နယ်ကျောင်းလေးတွေမှာ အဲဒီယှဉ်ပြိုင်မှုတွေ နည်းပါတယ်။ ရန်ကုန်မြို့ကြီးရဲ့ ဆင်ခြေဖုံးမြို့နယ်တစ်ချို့မှတောင် ယှဉ်ပြိုင်နည်းတဲ့ ကျောင်းလေးတွေ ရှိပါတယ်။)
       
        နောက်ယှဉ်ကျေးမှုတစ်ခုက Study Guide လို့ခေါ်တဲ့ စာကျက်ကူညီတဲ့ လမ်းညွန်ယဉ်ကျေးမှုပါပဲ။
မနှစ်က လွန်ခဲ့တဲ့နှစ်နှစ်က ဆယ်တန်းကို ဂုဏ်ထူးနဲ့အောင်ထားတဲ့ ကျောင်းသားတစ်ယောက်ဟာ ဒီနှစ်မှာ
သေချာပေါက်ဝင်ငွေရသူဖြစ်နေပြီ။ မိဘတွေက ဆယ်တန်းဖြေမယ့် သားသမီးများအတွက် သူ့တို့ကို Study Guide
အဖြစ်လာငှားကြတော့တာပဲ။ ကိုယ်ကျက်ခဲ့တဲ့စာကို သူများကို ပြန်ကျက်ပေးရင်း ငွေရှာနိုင်ပြီပေါ့။
ကိုယ့်ကိုယ်ကိုယုံကြည်မှု ပိုလာစေပါတယ်။ တက္ကသိုလ်တက်ရတဲ့ ရင်ခုန်မှုမျိုးမရပေမယ့် ယုံကြည်မှုတစ်မျိုးတော့
ရသေးတာပေါ့။
       
        တစ်ခုရှိတာက သူ့အနေနဲ့ အသက် ၁၇နှစ်နဲ့ အသက် ၁၇နှစ် ၁၈နှစ်မှာ ဆယ်တန်းစာထဲမှာ
ပြန်နှစ်နေရတာတော့ ဆုတ်ယုတ်ဖို့ အလားအလာပါပဲ။ သိပ်တော်လွန်းသူမှ တက္ကသိုလ်စာနဲ့ ဆယ်တန်းစာ
နှစ်မျိုးလုံး အာရုံနှစ်နိုင်မှာပါ၊။သင်ခံရတဲ့ ဆယ်တန်းကျောင်းသားအနေနဲ့ကလည်း ကိုယ်ပိုင်အရည်အချင်းကို
အသုံးပြုခွင့် မရတော့ဘူး။ ကျောင်းမှာ ဆရာက ဒီလို ဒီလိုလုပ် လို့ သင်ပေး။ ကျူရှင်မှာ ဆရာက ဒီလိုဒီလိုလုပ်လို့
ထပ်သင်ပေး၊ အိမ်ရောက်တော့ တစ်ခါ Guide က ဒီလိုဒီလို မှတ်စုထုတ်၊ ဒီလိုဒီလိုကျက်၊ ဒီလိုဒီလိုဖြေလို့ သင်ပေး။
ဘယ်မှာလဲ ကျောင်းသားရဲ့ ကိုယ်ပိုင်အရည်အချင်း၊ ဘယ်မှာလဲသူ့ရဲ့ လုပ်အားညာဏ်။ ဘယ်မှာလဲ
သူ့ရဲ့ဆင်ခြင်သုံးသပ်ညာဏ်။
       
        မိဘတွေကိုကြည့်ရင်လည်း guide တောင် ပိုက်ဆံပေးပြီး ငှားပေးထားတာမို့ ပညာရေးကိုဦးစားပေးတယ်လို့
ထင်စရာရှိတယ်။ ဒါပေမဲ့ အဲဒီမိဘဟာ ကျောင်းသားစာသင်ချိန်မှာ အနားမှာ တီဗီမဖွင့်မိဖို့ သတိမရဘူး၊ ဖဲမရိုက်မိဖို့
သတိမရဘူး၊ ဂဏန်းမတွက်မိဖို့သတိမရဘူး။ Study Guide ငှားပေးထားတာဟာ ပညာရေးနဲ့ပတ်သက်လို့
တာဝန်ကျေတာလို့ ပြောလို့ရသလို မျက်နှာလွှဲ ခဲပစ်လုပ်တာလို့လည်း ပြောလို့ရမှာပဲ။ ဆယ်တန်းစာမတတ်တဲ့
မိခင်ဖခင်ဆိုရင်တောင် မကူညီချင်နေ မနှောင့်ယှက်မိဖို့ ထိန်းနိုင်သင့်ပါတယ်။
     
လူငယ်တွေဟာ ပတ်ဝန်းကျင်ကိုတော့ သိပ်အရေးမထားကြဘူးလို့တွေ့ရတယ်။ ကိုယ့်ဘေးက အမှိုက်ပုံကိုလည်း
မသိကြပါဘူး။ ရေမြောင်းကိုလည်း မသိပါဘူး။ ဒါပေမဲ့ ဒါဟာ မသိလို့အရေးမထားတာ။ သိအောင်လုပ်ရင်တော့
အရေးထားမှာပါပဲ။ သိအောင်လုပ်ပေးဖို့က မြို့ပြရဲ့တာဝန်ပဲ။
     
           အခုပြောခဲ့တဲ့ မြို့ပြယဉ်ကျေးမှုတွေဟာ စီးမျောဖို့ တော်တော်လွယ်ကူတဲ့ရေစီးကြောင်းပါပဲ။     
တစ်ခုပဲရှိတယ်။ အဲဒီယဉ်ကျေးမှုတွေရဲ့ရှေ့မှာ ရောက်နေတာက တော့ ငွေပဲ။ မြို့တော်မှာ ငွေဟာ အရာရာကို
ဖန်ဆင်းပေးနိုင်ပါတယ်။ ဒါကြောင့် ဒီခေတ်လူငယ်တွေဟာ ဘာပဲရှာရှာ ငွေကိုစိတ်ထဲမှာထားပြီး ရှာကြတယ်။     
သင်တန်းတက်တာဟာပညာရဖို့။ အဲဒီပညာကို ပညာအဖြစ်မြင်တဲ့ လူလည်းရှိမယ်၊ ငွေစက္ကူအဖြစ်မြင်တဲ့လူက များမယ်။
အ၀တ်အစား ၀တ်တာဟာ ကိုယ့်ကိုယ်ကို သက်သောင့်သက်သာနဲ့ လှပဖို့ ဆွဲဆောင်မှုရှိဖို့၊ အဲဒီကမှ ငွေဝင်မှာကိုး။
ငွေကိုလည်း နည်းမျိုးစုံနဲ့ ရှာပါတယ်။
     
          လူကြီးတွေက မသင့်တော်ဘူးလို့ ဆုံးဖြတ်တဲ့နည်းတွေနဲ့တောင် သူတို့ ငွေရှာတယ်။ ဒါဟာ ဒီခေတ်မြို့ပြရဲ့
ယဉ်ကျေးမှုပါ။ လူဟာ ကိုယ့်ကိုယ်ကို ပိုင်တယ်၊ ကိုယ့်အခွင့်အရေးကို ကိုယ်ပိုင်တယ်။ ကိုယ့်ကိုယ်ခန္ဓာပေါ်က
အ၀တ်အစားဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ အ၀တ်အစားပဲ၊ ဘယ်သူမှ ဘာမှ ဝေဖန်စရာ မလိုပါဘူး။
ဘယ်ရည်ရွယ်ချက်နဲ့ပဲ ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကိုယ်ထက် ဘယ်သူက ပိုပိုင်ချင်သေးသလဲ။

        ဒီအတွေးမျိုးနဲ့ မြို့ပြယဉ်ကျေးမှုဟာ ကြည့်ကောင်းတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်လာတယ်၊ ပြပွဲတစ်ခု ဖြစ်လာတယ်။
     
ဒီလိုနည်းနဲ့ လူတွေဟာ မျှော်လင့်ချက်တွေကို မွေးယူကြတယ်။ အိပ်မက်တွေကို ၀ယ်ယူနေကြပါတယ်။
             
ဒီခေတ်က လျှင်မြန်တဲ့အရှိန်အဟုန်နဲ့ သွားနေတဲ့ သတင်းခေတ်ပါ။ သတင်းမှာမှ ဖတ်ရှုခြင်းကနေ
ရရှိတဲ့သတင်းထက် ပုံရိပ်အဖြစ်မြင်ရတဲ့ သတင်းတွေက ပိုပြီး ရှေ့တန်းရောက်နေတဲ့ခေတ်ပါ။ ရုပ်မြင်သံကြားနဲ့ ရုပ်ရှင်ဟာ
သတင်းစာနဲ့ ဝတ္ထုထက် လူငယ်တွေကို ပိုဆွဲဆောင်နိုင်ပါတယ်။ လူငယ်တွေဟာ သူတို့အတုယူရမဲ့စံ အရည်အချင်းကို
ရုပ်မြင်သံကြားနဲ့ ရုပ်ရှင်တွေဆီကနေ အများဆုံး ရှာဖွေကြတယ်။မြန်မာ့ရုပ်မြင်သံကြား၊မြဝတီရုပ်မြင်သံကြား၊
မြန်မာရုပ်ရှင်တွေအပြင် ဂြိုလ်တုရုပ်မြင်သံကြား လိုင်းတွေနဲ့ နိုင်ငံခြားရုပ်ရှင်တွေကိုပါ ကြည့်ခွင့်ရနေတာမို့
လူငယ်တွေရဲ့ လက်ခံစွမ်းရည်၊ တုန့်ပြန်စွမ်းရည်၊ ခွဲခြမ်းစိတ်ဖြာ စွမ်းရည်တွေဟာ အံ့သြရလောက်အောင်
မြန်ဆန်သွက်လက်တယ်။ ဒါကြောင့်လူကြီးတွေ စိုးရိမ်သလောက်တော့ လူငယ်တွေ ဒုက္ခမတွေ့နိုင်ပါဘူး။
အဲဒီမြင်ကွင်းသတင်းရေစီးကြောင်းကြီးထဲမှာ မျောပါနေတဲ့ လူငယ်အုပ်စုကြီးမှာ အရည်အချင်းတွေ အများကြီးပါ။
     
လုပ်ရဲရင်ခံရဲတယ်ဆိုတဲ့သတ္တိ -  ပြည့်စုံတယ်။     
စိတ်ထဲရှိတာကို ရှိတဲ့အတိုင်း ဘာမှ မငဲ့ဘဲပြောရဲတဲ့ သတ္တိ ပြည့်စုံတယ်။
     
ထိပ်ဆုံးထိရောက်အောင် ဘယ်အရာကိုပဲ နင်းတက်ရ တက်ရ စတေးရဲတဲ့သတ္တိ ..........ပြည့်စုံတယ်။

        တစ်ခုပဲလိုအပ်နေတာက အမှားအမှန်ကို ခွဲခြား ဆင်ခြင်နိုင်တဲ့ အတွေးအခေါ်ဒဿနအလေ့အကျင့် ....
ဒါလေးကတော့ ငယ်ရွယ်သေးသူမို့ လိုအပ်နေမှာ သဘာဝပါပဲ။ အမှားအမှန်ကို မခွဲခြားနိုင်လို့ မှားသွားတော့
ဘာဖြစ်လဲဆိုတဲ့ မာနလေးတွေလည်း ရှိနေမှာ သေချာပါတယ်။ ပြင်လို့ရတဲ့ အမှားမျိုးဆိုရင်တော့ မှားပါစေပေါ့။
အသာလေးလွှတ်ထားလို့ ရပါတယ်။ ဒါပေမဲ့ တချို့အမှာတွေက တစ်သက်လုံး နောင်တရတော့မဲ့ပြင်လို့မရတဲ့
အမှားတွေပါ။ အဲဒါမျိုးကျတော့ မမှားအောင် ထိန်းချင်စိတ်ရှိဖို့ လိုပါတယ်။
  nai99:

No comments:

လာလည်သူ သူငယ်ချင်းအပေါင်း ကျန်မာချမ်းသာကြပါစေ/>

Total Pageviews

အိမ်မက်ချစ်သူကိုလာရောတ်လည်ပတ်သော သူငယ်ချင်းများ ဝေဖန်ချက် သည် အားဖြစ်စေပါသည်