“ အဒေါ်တို့က ရန်ကုန်ရောက်နေတာ
ဆယ်နှစ်ကျော်နေပြီင်္၊ သူက အဒေါ့်ထက် ၁၅နှစ်တောင်မှ ကြီးတယ်၊ အရင်ကတော့
သံလမ်းဈေးထဲမှာ အဒေါ်က ငါးခြောက်အသေးအမွှားလေးတွေ ရောင်းတယ်၊ အခုတော့
မရောင်းတော့ပါဘူး၊ သမီးသုံးယောက်မှာ အကြီးမက အိမ်ထောင်ကျ သွားတော့
သူ့ယောကျာ်းနောက် ပါသွားပြီ၊ ကျန်တဲ့ သမီးနှစ်ယောက်ကတော့ ပညာသင်ပေးပေ မယ့်
ပညာကံပါမလာတော့ အလုပ်ဝင်လုပ်နေကြပြီ၊ မြေနီကုန်းက စူပါမားကက်မှာ
အရောင်းစာရေးမတွေပေါ့၊ သူတို့ အလုပ်ဝင်ထဲက ဈေးမရောင်းတော့တာ၊ ခဏလေး..
စမ်းသပ်မယ့်ဆရာဝန် ရောက်ပြီလား သွားမေးလိုက်ဦးမယ်၊ င့ါတူမက အလုပ်က
လာရတာဆိုတော့ အားနာလှတယ်”
ကျွန်မ ခေါင်းညိမ့်ပြလိုက်မိ၏။ အဒေါ်ကြီးက
ဆေးစာအုပ်လေး လက်ထဲကိုင်လျှက်က လှမ်းမြင်နေရသည့် စားပွဲဆီသို့ သွားနေ၏။
စားပွဲမှာတော့ တာဝန်ကျ ဆရာဝန်နှစ်ယောက်နှင့် လူနာအချို့ကို တွေ့ရသည်။
ခုံတန်းရှည်တွင် ကျွန်မနှင့်အတူ မိုးမိုး၊ နောက် ကိုစည်သူပါ ထိုင်နေ၏။
အဒေါ်ကြီး၊ ကိုစည်သူနှင့် ကျွန်မ သိကျွမ်းသည်မှာ မိနစ်ပိုင်းမျှသာ
ရှိသေးသည်။
သည်မနက် ရုံးရောက်ချိန် အွန်လိုင်းပေါ်တက်ထားရင်း သတင်းတစ်ခု အွန်လိုင်းကနေ ၀င်လာသည်ကို ကျွန်မ တွေ့လိုက်ရ၏။
“အေသွေး အရေးပေါ်လိုအပ်သည်။ မနှင်းနှင်းအေး၊ ဖုန်းနံပါတ် ၀၉၅၀၉……. ကို အမြန် ဆက်သွယ်ပေးပါ”
ထိုသတင်းကို တွေ့လိုက်ရသည့်
စက္ကန့်ပိုင်းအတွင်းမှာပင် ကျွန်မ၏လက်ချောင်းများက
တယ်လီဖုန်းခလုတ်လေးများကို အမြန်နှိပ်မိလျှက်သားဖြစ်နေသည်။ တစ်ဘက်က
မိန်းကလေး တစ်ယောက် ဖုန်းလာကိုင်၏။ “အေသွေးအလှူရှင် အရေးပေါ်လိုတယ်ဆိုလို့
ဆက်တာပါ” ဟု ပြောလိုက်ရာ သူမက နောက်ထပ် ဖုန်းနံပတ်တစ်ခုကို ထပ်ပေး၏။
“အဲ့ဒီဖုန်းမှာ ကိုစည်သူဆိုတာ ရှိနေတယ်၊ သူ့ကို ဆက်ပေးပါအစ်မ၊ သူက
ဆေးရုံမှာ ရှိနေပါတယ်” လို့ ပြောသည်။ ကိုစည်သူကို လှမ်းဆက်လိုက်ရာ “
ကျွန်တော် ဆေးရုံမှာ ရှိနေတယ်၊ အစ်မ အဆင်ပြေရင်
အခုချက်ချင်းလာခဲ့ပါ”ဆိုသဖြင့် ချက်ခြင်းပင် သွားရန် ပြင်ဆင်မိသည်။
ဤသို့ အခွင့်အရေးမျိုး ခဏခဏ
လွဲခဲ့ဘူးသဖြင့် သည်တစ်ကြိမ်တွင်တော့ ကျွန်မ အလွဲမခံ နိုင်တော့ချေ။
သို့နှင့် ကျွန်မအမျိုးသားထံ သွေးသွားလှူမည်ကို ဖုန်းအရင် လှမ်းဆက်၍
အသိပေးလိုက်သည်။ သူက “ အပြင်မှာ နေပြင်းတယ်၊ အဖော်တစ်ယောက် ခေါ်သွား၊
အရမ်းလည်း ကြောက်မနေနဲ့ဦး၊ ဒီတစ်ခါ အဆင်ပြေပါစေ” လို့ အားပေးရှာ၏။
အလုပ်တွင် စီစဉ်စရာရှိသည်များကို စီစဉ်ပြီး မိုးမိုး၏လက်ကိုဆွဲလျှက်
အငှားကားဖြင့် ရန်ကုန်မြို့ဆင်ခြေဖုံးမှ အစိုးရဆေးရုံကြီးတစ်ရုံသို့
ကျွန်မ ရောက်ခဲ့၏။
အပြင်တွင် နေကျဲကျဲပူနေသည်။ မနက်စာကို
ရုံးရောက်မှ မုန့်ဟင်းခါးတစ်ပွဲနှင့် ကော်ဖီတစ်ခွက် သောက်ထားသည်မို့
ဘာမျှ ထပ်စားချင်စိတ် မရှိ။ အရေးကြီးသည်က ကားမူးတတ်သည့် ကျွန်မ ဆေးရုံ
မရောက်ခင် လမ်းတွင် ကားမူးမည်ကိုပဲ စိုးရိမ်မိသည်။ ခေါင်းမူးလို့
သွေးမလှူနိုင်လျှင် ဒုက္ခဟု တွေးနေမိသည်။ ကားသမားဦးလေးကြီးကို
ဖြည်းဖြည်းမောင်းပေးဖို့ တောင်းပန်ရင်း အတွေ့ကြုံသစ်တစ်ခုအတွက်
တဒိန်းဒိန်းနှင့် ခုန်လှုပ်နေသည့် စိတ်များ တည်ငြိမ်အောင်
ဖြေလျော့နေလိုက်မိသည်။ ဆယ့်ငါးမိနစ်ခန့်အတွင်း ဆေးရုံသို့ ရောက်၏။
ကျွန်မနှင့်တစ်ခါမျှမသိသည့် သူနှင့်တွေ့ပြီး၊ ကျွန်မခန္ဓာကိုယ်မှ သွေးကို
ဖောက်ထုတ်လှူဖို့အတွက် ကျွန်မတစ်ခါမျှ မရောက်ဘူးသည့် ဆေးရုံကို
ရောက်ခဲ့ရပြီ။ အခါခါလွဲချော်ခဲ့ဖူးသည်မို့ သည်တစ်ခါရော အဆင်မှ ပြေပါ့မလား
မသိပေ။
ဆေးရုံဂိတ်ဝရောက်ချိန်
လက်ကိုင်ဖုန်းနှင့် ကိုစည်သူကို လှမ်းဆက်လိုက်ရာ “ ဆေးရုံထဲ ၀င်လာခဲ့
အစ်မ၊ အစ်မက အကျီ င်္အနီရောင်ဝတ်ထားတယ် မဟုတ်လား၊ ကျွန်တော် တွေ့နေရပြီ”
လို့ ပြောရင်းက ဆေးရုံဝန်းထဲရှိ ကန်တင်းမှထပြီး နှုတ်ဆက်ရင်း
ကျွန်မတို့ရှိရာသို့ လျှောက်လာသည့် ကိုစည်သူကို တွေ့လိုက်ရ၏။ “ အစ်မ..
အမောပြေ ခဏနားပါဦး၊ ဘာစားထားသေးလဲ” ဟု မေးနေသည့် ကိုစည်သူနှင့်
ကျွန်မတို့နှစ်ယောက် ဆေးရုံကန်တင်းတွင် ခဏထိုင်လိုက်ကြ၏။ အပြန်အလှန်
မိတ်ဆက်ရင်းမှ ကိုစည်သူက ပရဟိတ သွေးလှူအသင်းတစ်ခုမှ အဖွဲ့ဝင်တစ်ဦး
ဖြစ်နေသည်ကို သိလိုက်ရ၏။ အရင်က သွေးလှူဘူးလားလို့ မေးလာသည်။ ကျွန်မ
ပြုံးလျှက်က ခေါင်းကို ခါယမ်းပြလိုက်သည်။
ကျွန်မ ယခုလို လူလတ်ပိုင်းအရွယ်
ရောက်သည့်အထိ သွေးတစ်ကြိမ်မျှ မလှူဘူးခဲ့ဘူးပေ။ ငယ်စဉ်က ထိုသို့
လှူရမည်ဆိုတာကို သိသော်ငြား ဆေးရုံ၊ ဆေးခန်း၊ ဆေးထိုးအပ်ဆိုလျှင်
ကြောက်တတ်သည့် စိတ်ကြောင့် လှူဖို့ စိတ်တောင်မကူးမိခဲ့ချေ။ ကျွန်မ၏ဖခင်
သွေးဆယ်ကြိမ် လှူထားသည်ကို မှတ်တမ်းများ၊ အသည်းနှလုံးနှစ်ထပ်နှင့် အမှတ်တရ
သံရင်ထိုးလေးများ သိမ်းထားသည်ကို တွေ့သဖြင့် မေးမိရင်း သိခဲ့ရဘူး သည်။
ကံအားလျော်စွာ လမ်းခရီးတွင်
ကားမမူးခဲ့သဖြင့် ခေါင်းကြည်လင်နေသော်ငြား ကျွန်မစိတ်တွေ
လှုပ်ရှားနေမိသည်ကိုတော့ မငြင်းလိုပေ။ ခဏနေလျှင် ကိုစည်သူ ဦးဆောင်မှုဖြင့်
မိုးမိုးလက်ကို ဆွဲလျှက် ဆေးရုံထဲရှိ အဆောက်အဦတစ်ခုထဲသို့
ကျွန်မ၀င်ခဲ့သည်။ ယဉ်ပါးမနေသည့် ဆေးရုံရနံ့က ကျွန်မနှာဝသို့ အလုံးအရင်း
တိုးဝှေ့ဝင်လာ၏။ ကိုစည်သူ့ကိုမြင်တော့ မျက်နှာနွမ်းနွမ်းနှင့်
အဒေါ်ကြီးတစ်ယောက် ခုံတန်းရှည်တွင် ထိုင်နေရာမှ ကျွန်မတို့ဆီ
သွက်သွက်လျှောက်လာ၏။
“ ဦးလေးအတွက် သွေးလှူမယ့်အစ်မပါ”
ကိုစည်သူက မိတ်ဆက်ပေးတော့
“ကျေးဇူးတင်ပါတယ် တူမကြီးရယ်” လို့ ပြောရင်းက “ ခဏလေး ဆရာဝန်ကို
သွေးလှူဖို့လူ ရောက်လာတာကို သတင်းသွားပြောလိုက်ဦးမယ်” ဟု ပြောရင်းက
မလှမ်းမကမ်းရှိ ဆရာဝန်များရှိရာ စားပွဲသို့ ထွက်သွား၏။ ကျွန်မ၊
မိုးမိုးနှင့် ကိုစည်သူတို့ သုံးယောက်သား အနားရှိ ခုံတန်းရှည်တွင်
ထိုင်နေလိုက်သည်။
“ ပထမဆုံးအကြိမ်ဆိုတော့ စိတ်လှုပ်ရှားနေသလားအစ်မ”
ကိုစည်သူ မေးလာတော့ ကျွန်မ မကွယ်ဝှက်မိပဲ
ခေါင်းညိတ်ပြမိသည်။ ကျွန်မက နေမကောင်း လျှင်တောင် ဆေးထိုးတာအသာထား၊
ဆေးသောက်ရမှာကိုတောင် ၀န်လေးပြီး ကြောက်ရွံတတ်သူ ဖြစ်သည်။ မဖြစ်မနေ
နောက်ဆုံးကျမှ ဆေးခန်းသွားဖို့ကို ရွေးချယ်သူ ဖြစ်သည်။
အသက်သုံးဆယ်ကျော်လာချိန် နောက်ပိုင်းတွင် ပတ်ဝန်းကျင်မှ လူများကို
ကျွန်မစိတ်ဝင်စားတတ်လာသည်။ သူတို့၏ဘ၀၊ သူတို့၏ စိတ်ခံစား ချက်၊
သူတို့၏တုန့်ပြန်မှုများကို ကျွန်မ စိတ်ဝင်တစား အကဲခတ်မိတတ်လာသည်။ ထိုအခါ
ကျွန်မရင်မှာ စာနာစိတ်များ၊ ဂရုဏာစိတ်များ အလိုလို ပေါက်ဖွားလာရသည်။
ထိုသို့ သူတို့နှင့် ချိန်ထိုးစဉ်းစားမိတိုင်း ကျွန်မရင်ထဲမှ အတ္တများ၊
မာနများ၊ ရယူလိုမှုများစသည့် အစိုင်အခဲများသည် တရွေ့ရွေ့ဖြင့် အရည်ပျော်
ကျလာလေသည်။
ဘ၀တွင် မဖြစ်မနေ အလုပ်ချင်ဆုံးနှစ်ခုထဲမှ
သီလရှင်ဝတ်ခြင်းအမှုကို ကျွန်မ လုပ်နိုင်ခဲ့ဘူးပြီ။ ယခုလို မွန်မြတ်သော
သွေးလှူခြင်းအမှုသည်လည်း ကျန်ရှိနေသေးသည့် ကျွန်မ အလုပ်ချင်ဆုံး
ကိစ္စတစ်ခုပင် ဖြစ်သည်။ သွေးအားနည်းနေခြင်း၊ သွေးတိုးနေခြင်း၊
ဓမ္မတာလာချိန်ဖြင့် တိုက်ဆိုင်နေခြင်း၊ ညအိပ်ရေးပျက် ထားခြင်း၊
ချက်ခြင်းသွားရောက်လှူဖို့ အခြေအနေမပေးခြင်း စသည့် အကြောင်းပြချက်များဖြင့်
သွေးလှူဒါန်းဖို့ကို အကြိမ်ကြိမ် လွဲချော်ခဲ့ရဘူးသည်။ သည်တစ်ခါတော့
ဘယ်လိုနည်းနှင့်မှ ကျွန်မ အလွဲမခံနိုင်တော့ပေ။
အဒေါ်ကြီးက ဆေးစာအုပ်လေးကိုင်လျှက် ပြန်ရောက်လာ၏။
“ ခဏနေ သွေးပေါင်ချိန်တိုင်းမယ်တဲ့၊ သွေးလှူဖို့ သွေးစစ်ခက ငါးထောင်အရင်သွင်းရမယ်တဲ့၊ သွားသွင်းလိုက်ဦးမယ်”
အဒေါ်ကြီးက ခါးကြားထမီလိတ်ထဲက
ငွေစက္ကူလိတ်လေးကို ထုတ်၍ ဖြည်လိုက်၏။ ငွေငါးထောင် ဖယ်လိုက်တော့
သူ့လက်ထဲတွင် ကျန်သည်က တစ်ထောင်တန်တစ်ရွက်နှင့် ငါးရာတန်က
နှစ်ရွက်သုံးရွက် ထက်မပိုတော့ပေ။ လှမ်းမြင်နေရသည့် ကောင်တာတွင်သွေးစစ်ခ
သွင်းပြီးနောက် အဒေါ်ကြီး ကျွန်မတို့ရှိရာသို့ ပြန်ရောက်လာ၏။
“ စူပါမားကက်မှာလုပ်တဲ့ သမီးနှစ်ယောက်က
တစ်ယောက်က ရှစ်သောင်း၊ တစ်ယောက်က ခွန်နှစ်သောင်း ရတယ်၊တော်သေးတာပေါ့
ဖြစ်တာက လဆန်းပိုင်းဆိုတော့ သူတို့ လစာတွေ လက်ထဲရှိနေလို့၊ ဆေးဖိုးနဲ့တင်
ရထားတဲ့ လစာလေးလဲ အတော်ကုန်နေပါပြီ၊ ဘေးအိမ်က ကလေးမလေးက သွေးလှူအသင်းက
ဒီသူငယ်ကို ဆက်သွယ်ပေးတာလေ၊ တူမကြီးပါဆို ဒီသူငယ်စီစဉ်ပေးတာ
သုံးယောက်မြောက်ပဲ”
“ ဆက်သွယ်ထားတဲ့ တခြား လှူမယ့်သူတွေလည်း ရောက်လာဦးမှာပါ ဒေါ်ဒေါ်”
ကိုသီဟနှင့် အဒေါ်ကြီး ပြောနေတာ
နားထောင်ရင်း ကျွန်မလက်က အိတ်ထဲက ငွေငါးထောင်ကို အလိုလို ထုတ်မိရင်း
ကိုသီဟကို တီးတိုးပြောပြီး ပေးလိုက်မိသည်။
“ ဒေါ်ဒေါ်.. ဒီအစ်မက သွေးစစ်ခ သူလှူပါရစေတဲ့”
“ နေပါစေ.. တူမကြီးရယ်၊ သွေးလှူတာနဲ့တင် ကျေးဇူးတင်နေရပါပြီ၊ မယူပါရစေနဲ့”
“ အဒေါ်.. လက်ခံပေးပါ၊ ကျွန်မအလှူလေး ထမြောက်သွားအောင် လိုတာလေးပါ လှူပါရစေ”
အဒေါ်ကြီး၏ မျက်နှာမှာ အားနာအရိပ်တွေ ဖြတ်ပြေးသွားသည်ကို ကျွန်မမြင်လိုက်ရသည်။ အားနာစိတ်ဖြင့် ကျွန်မ မျက်နှာလွှဲလိုက်မိ၏။
“ လူနာက ဟိုဘက်ထိပ်အခန်းတင်၊ လိုက်ကြည့်ပါလား တူမကြီး”
အဒေါ်ကြီးနဲ့တူ ကျွန်မတို့သုံးယောက် လူနာ
ခုတင်ဘေးရောက်ခဲ့သည်။ လူနာက အသက်၆၄နှစ်၊ အစာအိမ်သွေးကြောပေါက်ပြီး
မနေ့ညနေလေးနာရီခွဲမှာ အရေးပေါ်ခွဲစိတ်ရသည်။ သွေးသွင်းထား လျှက် မှိန်းနေ၏။
အနားက ခုံတစ်လုံးတွင် မိန်းမတစ်ဦးက ယပ်ခတ်ပေးရင်း စောင့်နေ၏။
“ဘေးအိမ်က လာကူစောင့်ပေးတာလေ၊ သမီးတွေက
အလုပ်ခွင့်ယူလို့မရဘူး၊ ခွင့်ယူရင် တစ်ရက် သုံးထောင်ဖြတ်မယ်ဆိုလို့
သမီးနှစ်ယောက်ပေါင်း ခြောက်ထောင် ဖြတ်ခံရလဲ မနည်းဘူးမဟုတ်လား၊ ဒါကြောင့်
အမေတို့ရှိနေတယ် နင်တို့ အဖေစိတ်မပူနဲ့လို့ မှာရတယ်၊ သူတို့ကို
ညဘက်အလုပ်ပြီးချိန် ကိုးနာရီလောက်မှ လာခိုင်းထားတယ်၊ ဒီမှာ… ကိုခင်မောင်..
ရှင့်အတွက် သွေးလှူတဲ့ တူမကြီး၊ ရှင့်ကို လာကြည့်နေတယ်၊ သွေးစစ်ခပါ
လှူသွားတယ်၊ ကျွန်မတားတာလဲ မရဘူး”
အဒေါ်ကြီးက ပြောပြောဆိုဆိုနှင့် လူနာကို
လှမ်းပြော၏။ အသားညိုညို၊ ဆံပင်ဖြူဖြူ၊ ပိန်ပိန်ပါးပါးနှင့် လူမမာက
မှိန်းနေရာမှ မျက်စိအသာအယာ ဖွင့်ကြည့်၏။ ကျွန်မလည်း လူနာကို “ ဦးလေး..
နေပြန်ကောင်းသွားမှာ.. ခုနေတော့ အားတင်းထားပါ..” လို့ ပြောမိသည်။ လူနာက
နှုတ်မှစကားတစ်ခွန်းမှ ကျွန်မကို ပြန်မပြောသော်လည်း
သူ၏ဝေသီမျက်ဝန်းအစုံကတော့ ကျွန်မကို အသံတိတ်စကားတွေ အများကြီး
လှမ်းပြောနေသလို ရှိ၏။ တအောင့်နေတော့ ကျွန်မလည်း “ကျွန်မတို့ သွေးထုတ်ဖို့
ရှိသေးလို့ ခွင့်ပြုပါဦးနော် ဦးလေး” လို့ နှုတ်ဆက်ပြီး နေရာမှ ထွက်ခဲ့သည်။
ထိုစဉ် ကျွန်မနားထဲ လူနာမှ ဗလုံးဗထွေးနှင့် “ ကြက်ဥ.. ကြက်ဥ… ကြက်ဥ ” ဟု
အဒေါ်ကြီးကို လှမ်းပြောလိုက်သံကို ကြားလိုက်ရ၏။ အဒေါ်ကြီးက “ အင်းပါ..
အင်းပါ.. သိပါတယ်” ဟု ပြန်ပြော၏။ မည်သည့်အတွက်မှာနေသည်ကို မသိသော်လည်း
မှာရန် သတိရှိနေသေးသည်ကို ကြည့်ပြီး လူနာအခြေအနေ မဆိုးဟု ကျွန်မ
ကောက်ချက်ချမိ၏။
တစ်ဘက်ခန်းသို့ သွေးစစ်ရန်ပြန်လာချိန်
စင်္ကြံတလျှောက်တွင် အဒေါ်ကြီးမှ “ သူက အရက်သောက်တာ နှစ်နှစ်ဆယ်လောက်
ရှိနေပြီ၊ ခက်တာက သူက သောက်ပြီး ရမ်းတာ၊ ရစ်တာ၊ ဆဲတာ၊ ရိုက်တာမျိုးလဲ
မရှိဘူး၊ နည်းနည်းနဲ့မှန်မှန် နေ့တိုင်းသောက်တယ်၊ တစ်နေ့က
ယုဇနဥယျာဉ်မြို့တော်မှာ ကြွေးဆုံးလေး ရလိုရငြား သူနဲ့သွားတောင်းတယ်၊ ဟိုမှာ
အိမ်ပျောက်ပြီး မျက်စိလည်နေလိုက်တာ တစ်နာရီလောက်ကြာတယ်၊ သူက မသွားခင်
အစာမရှိပဲ အရက်သောက်လာခဲ့တာ မသိလိုက်ဘူး၊ နေကလဲ အတော်ပြင်းတယ်၊
အိမ်ပြန်ရောက်လို့ တစ်အောင့်နေတော့ သွေးအန်ပါလေရော၊ ပထမ ကွမ်းတံတွေး
ထင်နေသေးတယ်၊ နောက်တော့ သွေးတွေ အတုံးအခဲလိုက်ကို အန်တာ၊ သူက အောင့်တယ်
အောင့်တယ်နဲ့ဖြစ်ရော၊ ဒါနဲ့ဆေးရုံ ချက်ခြင်းတင်တာ၊ ညကဆို
သွေးပေါင်ကျသွားပြီး မျက်ဖြူပါ လန်ထွက်သွားတာ၊ ငယ်ချေးတွေပါ ပါလာတော့
သွားပြီမှတ်တာ၊ သွေးတွေ တစ်လုံးပြီးတစ်လုံး သွင်းရတယ်၊ ဒီမနက်မှ အခုလို
အခြေအနေပြန်ရောက်လာတာ၊ အဲ့တာ မနက်က သတိရလာမှ နောက်သောက်ချင်ဦးလို့ သူ့ကို
ပြောရတယ် ”
ပါးပြင်နှစ်ဘက်တွင် စကားပြောလိုက်တိုင်း
ခွက်ဝင်သွားသည့် ပါးချိုင့်နှစ်ဘက်နှင့် အဒေါ်ကြီး၏ မျက်နှာမှာ ဇရာ၏အရိပ်၊
လောကဓံ၏အထုအထောင်းကြောင့် နဂိုရှိရင်းစွဲအသက်ထက် ပိုကြီးနေသည်ဟု
ထင်ရသော်ငြား ငယ်စဉ်က အတော်ပင် ကြည့်ကောင်းမည့် ရုပ်ရည်သွင်ပြင်
ရှိပေလိမ့်မည်။ ခင်ပွန်းဖြစ်သူ အကြောင်း ပြောပြနေစဉ်တွင် ငယ်လင်ငယ်မယား
သံယောဇဉ်နှင့် ခင်ပွန်းသည် သေဘေးမှ လွတ်လာရ သည်ကို အဒေါ်ကြီးတစ်ယောက်
ဝမ်းသာနေမှန်း ကျွန်မ ခံစားသိနေမိ၏။
တစ်ဘက်အခန်းသို့ ပြန်ရောက်ချိန်တွင်
ဆရာဝန်မှ ကျွန်မနာမည်၊ အသက်၊ သွေးအမျိုးအစား၊ လှူဒါန်းမည့်
လူနာရှင်နာမည်စသည်တို့ကို မေးပြီး သွေးပေါင်ချိန်ကာ လူနာရှင် အဒေါ်ကြီး၏
လက်ထဲသို့ စာရွက်လေးထည့်ပေးသည်။ အဲ့သည်နောက် ကျွန်မ၊ မိုးမိုးနှင့်
ကိုစည်သူတို့ သုံးယောက်သား အဒေါ်ကြီး၏ အနောက်မှ သွေးလှူဘဏ်ရှိရာ
အခြားအဆောက်အဦတစ်ခုသို့ လိုက်သွားရ၏။
“သွေးက မနေ့ထဲက ဆက်တိုက်သွင်းနေရတာ
ငါးလုံးရှိနေပြီ၊ သွေးက နောင်သုံးလုံးလောက် ထပ်သွင်းရမယ် ပြောတာပဲ၊ ရှေ့က
သွင်းထားတဲ့သွေးတွေလည်း ပြန်ဆပ်ရဦးမယ်၊ သွေးတစ်လုံး ၀ယ်ရင်
တစ်သောင်းခွဲပြောတာပဲ၊ ငွေမပေးနိုင်ရင် သွေးအစား ပြန်ရှာဆပ်ရမယ်တဲ့၊ အခု
လောလောဆည်တော့ ဆပ်ဖို့နေနေသာသာ လိုတဲ့သွေးပဲ လိုက်ရှာနေရတာ၊ အခုလို
လှူဒါန်းပေးတဲ့သူတွေကိုလဲ တကယ်ပဲ ကျေးဇူးတင်မိပါရဲ့ကွယ်”
အဒေါ်ကြီးအနောက်က ကျွန်မတို့ လိုက်လာရင်း
သူပြောနေသည်များကို ကြားနေရ၏။ နောက်မြှီးပါးလှပ်နေသည့် ဖိနပ်စီးထားသည့်
ကျွန်မ၏ရှေ့မှ ခပ်သွက်သွက်သွားနေသည့် အဒေါ်ကြီး၏ခြေထောက်ကို ကြည့်ရင်းက
ခြေလှမ်းမှန်မှန်ဖြင့် ကျွန်မ လျှောက်လာခဲ့မိသည်။ သွေးလှူဘဏ်သွားရာ စင်္ကြ
ံတလျှောက် အဒေါ်ကြီးရဲ့စကားသံ၊ ကျွန်မတို့ ခြေသံများမှအပ တိတ်ဆိတ်လို့နေ၏။
သွေးလှူဘဏ်၏ အခန်းအ၀သို့ရောက်သော် အပြင်မှ ခုံတန်းတွင် ကျွန်မတို့ကို
ထိုင်စေ၍ အဒေါ်ကြီးမှ အခန်းထဲ တန်းတန်းမတ်မတ် ၀င်သွား၏။
အဒေါ်ကြီးကြည့်ရသည်မှာ ရှေ့မှ သွေးလှူရှင်များအတွက် အတွေ့အကြုံ
ရှိနေပုံရ၏။ လမ်းလျှောက်လာ၍ မြန်နေသည့် အသက်ရှူသံနှင့်အတူ ကျွန်မ၏
မြန်နေသည့် ရင်ခုန်သံကိုပါ လျော့သွားစေရန် ကြိုးစားပြီး စိတ်ကို
ဖြေလျှော့နေမိသည်။
ထိုစဉ် အဒေါ်ကြီးနဲ့အတူ၊ သွေးဘဏ်မှ တာဝန်ရှိအမျိုးသမီးတစ်ဦး အခန်းထဲမှ ထွက်လာရင်း -
“သွေးပေါင်တက်နေတယ်၊ ခုန
သွေးပေါင်ချိန်တဲ့ ဆရာဝန်ဆီ ပြန်သွား၊ ဒီလက်မှတ်မှာ ဘာမှ မဖြစ်ပါဘူး..
တာဝန်ယူပါတယ်ဆိုတဲ့ စာရေးပေးမှ သွေးထုတ်ပေးမယ်” လို့ အဒေါ်ကြီးကို ပြောပြီး၊
ကျွန်မတို့ ဘက်ကိုပါ လှည့်ကာ၊ “သွေးလှူမယ်ဆိုရင် အဲ့ဒီနံရံမှာ
ကပ်ထားတဲ့စာကို ဖတ်၊ ပြီးမှ လှူ” ဟု လက်ညှိုးထိုးကာ ပြောရင်း အခန်းထဲသို့
ဝင်သွား၏။ အဒေါ်ကြီးနှင့်ထပ်တူ ကျွန်မပါ စိုးရိမ်စိတ်ဖြင့် တပြိုင်နက်ပင်
မျက်နှာပျက် သွားရသည်။ အဒေါ်ကြီးမျက်နှာ ပျက်ရသည်မှာ သွေးမရတော့မည်ကို
စိုးရိမ်၍၊ ကျွန်မ မျက်နှာ ပျက်ရသည်မှာ သွေးမလှူရတော့မည်ကို စိုးရိမ်၍။
ကြည်လင်နေသည့် ကျွန်မစိတ်တွေကို အစွန်းအထင်းမခံလိုသည်မို့ အာရုံကို
လှမ်းမြင်နေရသည့် ပြူတင်းအပြင်ဘက်မှ သစ်ပင်တန်းဆီသို့ လွှဲထားမိလိုက်သည်။
ကိုစည်သူမှ အဒေါ်ကြီးလက်မှ စာရွက်ကို
ယူကြည့်ရာ သွေးပေါင်ချိန် ၇၀/၁၂၀ဟု ရေးထားသည်ကို တွေ့ရ၏။ နံရံပေါ်မှ
သွေးလှူရန် ညွှန်ကြားချက်ကား သွေးလှူမည့်သူသည် အနည်းဆုံး သွေးပေါင်ချိန်
၆၀/၁၁၀ ရှိရမည်ဟု ရေးထားသည်။ သို့လျှင် ကျွန်မသွေးပေါင်ချိန် သည်
သွေးလှူရန် လုံလောက်သည့် အနေအထားမှာ ရှိနေသည်။ သို့ဆိုလျှင်
ထိုအမျိုးသမီးသည် အဘယ်ကြောင့်များ ဆရာဝန်ဆီ ပြန်လွှတ်သနည်း။
သွေးလှူမည့်သူကို ဂရုစိုက်ခြင်းလား၊ သို့တည်းမဟုတ် သွေးဘဏ်ပိတ်ချိန်
၁၂နာရီများ နီးနေ၍လား။ ကျွန်မ မစဉ်းစားတတ်တော့။ အဒေါ်ကြီးကား
စာရွက်လေးကိုင်၍ သုတ်ခြေတင် ထွက်သွားလေပြီ။ ကျွန်မနှုတ်မှ ဤအကြိမ်
သွေးလှူရန် ထပ်ပြီး မလွဲချော်စေဖို့အတွက် သံဗုဒ္ဓေဂါထာကို
တိုးဖွဖွရွတ်နေမိ၏။
တခဏနေလျှင် အဒေါ်ကြီး ဟောဟဲဆိုက်၍
ပြန်ရောက်လာ၏။ သွေးပေါင်ချိန်သည့်ဆရာဝန် မည်သို့ ရေးပေးလိုက်သည်မသိ၊
တာဝန်ရှိသူ အမျိုးသမီးက သည်တစ်ခါတော့ ကျွန်မကို အခန်းထဲလာဖို့ ခေါ်သည်။
စားပွဲတစ်လုံးရှေ့ရှိ ကုလားထိုင်တွင် ထိုင်စေလျှက် ကျွန်မ၏ ဘယ်ဘက်လက်ဖျံကို
သွေးစမ်းရန် ပြင်ဆင်၏။ ဆေးထိုးအပ်ကို ကြောက်သည့်စိတ်များ ကျွန်မထံ
ရုတ်ချည်းပြန်ခိုကပ်လာ၏။ ကျွန်မလက်ဖျားတွေ ကြောက်စိတ်ကြောင့်
အေးစက်လို့လာသည်။ လွတ်နေသည့် ကျန်လက်တစ်ဖက်ဖြင့် အဖော်ပါလာသူ မိုးမိုး၏
လက်ဖ၀ါးကို ကျွန်မ တင်းတင်းဆုတ်ကိုင်ထားလိုက်ရင်း မျက်နှာလွှဲထားလိုက်၏။
စူးခနဲအတွေ့နဲ့အတူ သွေးအနည်းငယ် အပ်ဖျားတွင် ပါသွား၏။ ပြီးနောက်
သွေးစစ်ဆေးချိန်ခဏ စောင့်ရပြန်သည်။ ကျွန်မသွေးက သန့်စင်နေပါ့မလားဟု
တောင်တောင်အီအီတွေးရင်း စိတ်ပူမိပြန်သည်။ တစ်ခဏနေတော့ သွေးဖောက်ရန်
ခုတင်ပေါ်တွင် အိပ်ခိုင်း၏။ မိုးမိုးကား သည်တစ်ခါ ကျွန်မအနားတွင် နေ၍မရ၊
အပြင်ဘက်တွင် စောင့်နေရချေပြီ။
ခုတင်ပေါ်တွင် ကျွန်မလှဲအိပ်ရင်း
သွေးဖောက်ချိန်စောင့်နေရ၏။ ကျွန်မ ရင်တွေ တထိတ်ထိတ် ခုန်သံစိတ်လာသည်။
နဖူးစတွင် ချွေးများပင် စို့လာ၏။ ကြောက်စိတ်ကြောင့် ထွက်လာသည့်
ကျွန်မ၏နဖူးမှ ချွေးစများကို မျက်နှာကျက်မှ တအီအီအော်မြည်နေသည့်
ပန်ကာအိုကြီးက မသက်မသာ ငုံ့ကြည့်နေ၏။ ဆေးရုံလုပ်သားဖြစ်ဟန်တူသော
အသက်ခြောက်ဆယ်ခန့် ဘောင်းဘီအပြာဝတ် အဘတစ်ယောက်က ကျွန်မကို စောင်ပိုင်းလေး
လာခြုံပေး၏။ ထို့နောက် ပိုက်ပျော့လေးဖြင့် ကျွန်မ၏ ညာဘက် လက်ကောက်ဝတ်
အပေါ်နေရာကို တင်းတင်းစည်းနှောင်ပြီး လက်သီးဆုတ်ခိုင်း၏။ထို့နောက်
သွေးစီးဆင်းစေမည့်ပိုက်၊ သွေးလက်ခံမည့်အိတ်တို့ကို နေသား တကျ နေရာချ၏။ အဘ၏
ယူနီဖောင်း ရှပ်အဖြူနွမ်းနွမ်းပေါ်တွင် လျှော်ဖွတ်၍ မစင်တော့သည့်
သွေးစက်ပျောက်လေးများ စွန်းထင်းနေသည်ကို ကျွန်မ မြင်ဖြစ်အောင်
မြင်လိုက်သေးသည်။
“ အဘ.. ဒီဆေးရုံမှာ ကြာပြီလား”
“ ကြာပါပေါ့.. ရှေ့နှစ်ဆို ပင်စင်သွားတော့မယ်လေ”
“ အဘ လုပ်သက်မနည်းဘူးပဲ၊ သွေးထုတ်တာ ဘယ်လောက်ကြာတတ်သလဲ အဘ၊ ကျွန်မက ပထမဆုံးအကြိမ် သွေးလှူတာမို့ပါ”
“ လွန်ရောကျွံရော ဆယ်မိနစ်ပေါ့”
တိုစဉ် တာဝန်ရှိသူ အမျိုးသမီးမှ
ကျွန်မနံဘေးနား ရောက်လာ၏။ သူမလက်ထဲတွင် အရက်ပျံ ဆွတ်ထားသည့် ၀ါဂွမ်းစနှင့်
သွေးထုတ်မည့်အပ်။ ခေါင်းကို တစ်ဘက်သို့ လွှဲပြီး လွတ်နေသည့်
ကျန်လက်တစ်ဘက်ဖြင့် ကုတင်ဘောင်ကို တင်းတင်းကြတ်ကြတ် ဆုတ်ကိုင်ထားလိုက်သည်။
ဆစ်ခနဲစူးသည့် ဝေဒနာကို လက်မောင်းတွင် ခံစားလိုက်ရသည်။ ထို့နောက်
ဆုတ်ထားသည့် လက်သီးကို ဖြေလျော့စေ၏။ အပ်ထိုးထားသည့် နေရာတွင်
သွေးလျှောက်နေသည်ကို ခံစားသိနေမိသည်။
ကျွန်မစိတ်တို့ကို ဖြေလျော့လိုက်မိသည်။
မျက်လုံးအစုံကို မှိတ်ထားလိုက်သည်။ အသက်ကို မှန်မှန် ရှူနေလိုက်မိသည်။
စိတ်ထဲကလည်း လူမမာ၏မျက်နှာကို ပြန်တွေးယူ၍ မေတ္တာပို့ပေးနေမိသည်။ ခဏအကြာတွင်
လက်မောင်း၌ စူးပြီး နာနေသည်ကို မေ့သွား၏။
“ တူမသွေးက ပြစ်တယ်၊ သွေးပြစ်တော့ ပုံမှန်ထက် ငါးမိနစ်လောက် ထပ်ပိုကြာမယ်၊ ပြစ်တဲ့သွေးက လူနာအတွက် ပိုကောင်းတာပေါ့ ”
သွေးကျသည့် အခြေအနေကို လာစစ်ပြီး
ပြောနေသည့် အဘ၏အသံကို မျက်စိမှိတ်ထားလျှက်မှ ကျွန်မ ကြားနေရသည်။ စိတ်ထဲတွင်
ကြည်လင်အေးမြမှုနှင့်အတူ မိမိခန္ဓာကိုယ်မှ သွေးများကို အခြားသူစိမ်းတစ်ဦး၏
ခန္ဓာကိုယ်ထဲသို့ ပေးလှူခွင့်ရလိုက်ပြီဆိုသည့် စိတ်ခံစားမှုက ကျွန်မစိတ်ကို
တန်ပြန်ရိုက်ခတ်လို့နေ၏။ ပီတိလား၊ ၀မ်းသာမှုလား၊ ကြည်နူးမှုလား၊ အမျိုးအမည်
မခွဲခြားနိုင်ပေ။ ကျေနပ်စိတ်များက ကျွန်မ၏ခန္ဓာတစ်ကိုယ်လုံးသို့
ပျံ့နှံ့စီးဝင်လျှက် ရှိ၏။သွေးတစ်အိတ်စာ ထုတ်အပြီး အပ်ဖြုတ်လိုက်ချိန်တွင်
ကျွန်မစိတ်တွေ ပေါ့ပါးသွားရ၏။ ကျွန်မ တောင့်တောင့်တတနှင့် လုပ်ချင်လှသော
အရာတစ်ခုကို အောင်မြင်စွာဖြင့် ကျွန်မ လုပ်နိုင်ခဲ့လေပြီ။
အဘက အပ်ပေါက်နေရာကို ပလပ်စတာဖြင့်
ကပ်ပေးသည်။ အပ်ဖြုတ်ပြီးသော်ငြား ကျွန်မကို ငါးမိနစ်မျှ ကုတင်ပေါ်တွင် ဆက်၍
လှဲနေစေသည်။ ခေါင်းမူးသေးလားဟုလည်း ကျွန်မကို မေး၏။ ပြီးနောက် ကျွန်မကို
ဆေးရုံအခန်းလေးထဲမှ စားပွဲတစ်ခုဘေးတွင် ထိုင်စေသည်။ စားပွဲပေါ်တွင်
ဆေးရုံမှပေးသော ဗွီဗွီအချိုရည် ဘူးလေးတစ်ဘူးနှင့် ကြက်ဥအစိမ်းနှစ်လုံးကို
သွေးလှူထားသည့် ကျွန်မအတွက် တင်ထားသည်။ အခန်းလေးထဲတွင် အဘနှင့်ကျွန်မမှ
လွဲ၍ မည်သူမျှမရှိတော့ပေ။ မျက်နှာကျက်မှ ပန်ကာသံက တအီအီနှင့်။
ရေငတ်နေသဖြင့် အအေးဘူးလေးကို ကျွန်မ ဖောက်သောက်လိုက်၏။
ကြက်ဥအစိမ်းနှစ်လုံးကိုတော့ ပင်စင်သွားတော့မည်ဆိုသည့် ဆေးရုံဝန်ထမ်း
အဘ၏လက်ထဲ ထည့်ပေးခဲ့သည်။ ကျွန်မ သွေးလှူဘဏ်က ထွက်လာချိန် အခန်းထဲတွင်
ကြက်ဥလေးနှစ်လုံးကို ပတ္တူအိတ်အနွမ်းလေးထဲ တယုတယ ထည့်နေသည့် အဘတစ်ယောက်ထဲသာ
ကျန်ခဲ့သည်။
အခန်းအပြင်တွင် ကိုစည်သူ၊ မိုးမိုးနှင့်
လူနာရှင်အဒေါ်တို့ ကျွန်မကို စောင့်နေကြသည်။ “ သွေးလှူထားတော့ နေလို့ရော
ကောင်းရဲ့လား” ဟု လူနာရှင်အဒေါ်က နေရာမှ ထရင်း မေးသည်။ “ စိတ်ထဲ
ပိုပြီးတောင် ပေါ့ပါးသွားသလိုပဲ” ဟု ကျွန်မ ပြုံး၍ ဖြေလိုက်မိသည်။
ကျွန်မတို့ ပြန်ဖို့ ခြေလှမ်းစချိန်မှာ
လူနာရှင်အဒေါ်က ရုတ်တရက် ကျွန်မလက်ကို ဆွဲကိုင်ယူလျှက်
ကရင်ဆိုဒါအအေးတစ်လုံးနှင့် ကြက်ဥဆယ်လုံးခန့် ထည့်ထားသည့်အိတ်ကို
ကျွန်မလက်ထဲသို့ ထည့်ပေး၏။ မထင်မှတ်ထားသည့်အတွက် ကျွန်မ အံ့သြသွားရသည်။
ကျွန်မ အားနာစွာဖြင့် ငြင်းသည်။ အဒေါ်ကြီးမှ အားနာသည့် မျက်နှာဖြင့်
အတင်းလက်ခံပေးရန် တိုက်တွန်းသည်။ ကိုစည်သူနှင့်မိုးမိုးက
ကျွန်မတို့နှစ်ယောက်၏ အဖြစ်ကို ပြုံး၍ ကြည့်နေ၏။ ကျွန်မထပ်၍ ငြင်းမိသည်။
အဒေါ်ကြီးက ထပ်၍ ပေးပြန်သည်။ နောက်ဆုံး အားနာလွန်းလာသဖြင့် အအေးပုလင်းကို
ကျွန်မယူလိုက်သည်။ ကြက်ဥကိုတော့ လူနာဦးလေးကိုပဲ ကျွေးလိုက်ပါဟု ပြောရင်း
သူ့လက်ထဲ ပြန်ထည့်ပေးဖြစ်သည်။ ကြက်ဥထုတ်ကလေး ဟိုဘက်လက် သည်ဘက်လက်
ပြေးနေရာမှ နောက်ဆုံး မူလပိုင်ရှင်ဖြစ်သည့် လူနာရှင်လက်ထဲသို့
ပြန်ရောက်သွားတော့သည်။ ကြက်ဥထုတ်လေးပိုက်ပြီး ကျေးဇူးရိပ်တွေ
ယှက်သန်းစွာဖြင့် ကြည့်နေသည့် အဒေါ်ကြီး၏ မျက်ရည်ကြည်များ လဲ့နေသည့်
မျက်ဝန်းနွမ်းနွမ်းအစုံကို ရင်ဆိုင်ကြည့်ရန်အလို့ငှာ ကျွန်မမှာ
ခွန်အားမရှိပါ။ ကျွန်မ မကြည့်ရက်ပါချေ။ ကျွန်မ လူနာရှင်အဒေါ်ကြီး လက်ကို
ကိုင်ဆွဲလျှက် နှုတ်ဆက်လိုက်သည်။
ထို့နောက် အရွယ်နှင့်မမျှအောင်
မိမိ၏အချိန်များကို ဖဲ့၍ ပရဟိတအကျိုးဆောင်ရွက်နေသည့် ကိုစည်သူ့ကိုပါ
လေးစားစိတ်ဖြင့် နှုတ်ဆက်လိုက်သည်။ နောက်ထပ် ရောက်လာဖို့ရှိသည့်
သွေးလှူရှင်များကို စီစဉ်ပေးရန် စောင့်ဆိုင်းရင်း ကျန်နေခဲ့မည့်
ကိုစည်သူကို နောင်အေသွေးလိုအပ်လာလျှင် အချိန်မရွေး ကျွန်မဆီ ဖုန်းဆက်ရန်
မှာမိသည်။
အပြန်လမ်းတွင် နေက ကျဲကျဲတောက်
ပူပြင်းနေ၏။ လမ်းမတလျှောက် လူများ၊ ကားများဖြင့် ပျားပန်းခပ်မျှ
ရှုပ်ထွေးနေ၏။ လေအဝေ့တွင်ပါလာသည့် လေပူများက ကျွန်မ၏ ခန္ဓာကိုယ် တစ်ခုလုံးကို
လွှမ်းခြုံ၍သွားသည်။ ကျွန်မ၏စိတ်နှလုံးထဲတွင်မတော့ အတွေ့အကြုံအသစ်က
ရလိုက်သည့် ဖော်ပြခြင်းငှာ မစွမ်းသာသည့် ခံစားချက်အသစ်တို့ဖြင့်
အေးမြလို့နေ၏။ လက်ဖျံသွေး ထုတ်ထားသည့် နေရာတွင် ကပ်ထားသည့် ပလပ်စတာလေးကို
ကျွန်မလက်ညှိုးဖြင့် ဖွဖွတို့ထိ ကြည့်မိသည်။ ထိုစဉ် ကျွန်မ၏နားထဲတွင်
ပြန်ကြားယောင်မိလိုက်သည်က လူနာ၏နှုတ်ဖျားမှ ဗလုံးဗထွေးဖြင့် သူ့မိန်းမအား
လှမ်းမှာနေသည့် အသံပင်ဖြစ်ပါသည်။
“ ကြက်ဥ.. ကြက်ဥ… ကြက်ဥ ”
(ကြယ်စင်ဆယ့်တစ်၊ အွန်လိုင်းဘလော့ဂါများ၏ ရသ၀တ္တုတို စုစည်းမှုတွင် ပါဝင်သည်။)
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျကြပါစေ။
No comments:
Post a Comment